တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည့်တော်များ အားလုံး မင်္ဂလာပါအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပထမဦးစွာ တင်ပြလိုသည်မှာ ကျွန်တော့်အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ယုံကြည်စိတ်ချစွာဖြင့် တာဝန်ပေးအပ် ခဲ့သော နိုင်ငံတော်သမ္မတကြီးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂါရ၀ပြုအပ်ပြီး တိုင်းဒေသကြီး လွှတ်တော်မှ ကန့်ကွက်မှုမရှိ ထောက်ခံပေးခဲ့သော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်ကြီးများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြား လိုပါတယ်။
ကျွန်တော်တို့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၅ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၈ ဦး၊ ပြည်သူ့ ရှေ့ဆောင်ပါတီက ၅ ဦး၊ ပြည်သူ့ပါတီက ၄ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ)က ၁ ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) က ၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၊ အားလုံး ၇၂ ဦးနှင့် ဖွဲ့စည်းဆောင်ရွက်တာဖြစ်တဲ့အတွက် ပါတီစုံဖြစ်ပြီးတော့ ကျွန်တော်တို့ တစ်သားတည်း ရှိမယ်ဆိုတဲ့ အကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် တစ်သွေးတည်း တစ်သားတည်း စည်းရုံးဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် အရေးပေါ်ကာလဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တာဝန်ယူထားသည့် ကာလအတွင်း၌လည်း ကျွန်တော့်အနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ၁၁-၂-၂၀၂၁ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့ထိ သယံဇာတရေးရာ ဝန်ကြီးအနေဖြင့်လည်းကောင်း၊ ၁-၂-၂၀၂၃ ရက်နေ့မှ ၃၁-၃-၂၀၂၆ ရက်နေ့ထိ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယခု ထပ်မံပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသဖြင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ ပါဝင် ပတ်သက်သူအားလုံးက တာဝန်ပေးတဲ့အတွက် ပိုမိုတာဝန်ကြီးလေးပြီး စွမ်းစွမ်းတမံဆောင်ရွက်ဖို့ ခံစားမိပါကြောင်း ကျွန်တော်တို့အနေနဲ့ ဦးစွာ ပြောကြားလိုပါတယ်။
မန္တလေးမြို့ဆိုတာ မြန်မာမင်း နေပြည်တော်၏ နောက်ဆုံးတည်ရှိခဲ့ရာ မြို့တော်ဖြစ်သဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ ထွန်းကားရာမြို့တော်ဖြစ်ခြင်း၊ စီးပွားရေးအနေဖြင့် လည်း မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးသည်လည်း မြန်မာနိုင်ငံ၏ ဗဟိုချက်မအနေဖြင့် တည်ရှိနေတဲ့အတွက် စီးပွားရေးအရရော၊ လူမှုရေးအရရော အချက်အချာကျသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ MSMEs လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အနုပညာနှင့် လက်မှုလုပ်ငန်းများစသည့် စီးပွားရေးစုံလင်စွာ ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီးဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအား ဝန်ကြီးချုပ်အနေဖြင့် ဦးဆောင်တာဝန်ယူ ဆောင်ရွက်ရခြင်းသည် အလွန်ကြီးလေးသော တာဝန်ဖြစ်ပါကြောင်း ခံယူမိပါတယ်။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း မန္တလေးတိုင်းဒေသကြီးတွင် အခြေခံအားသာချက်များ ရှိပြီးဖြစ်သော်လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေတာဖြစ်ပါတယ်-
ကိုဗစ် – ၁၉ ရောဂါ နောက်ဆက်တွဲ စီးပွားရေး သက်ရောက်မှုများနှင့် နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု ကာလအတွင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အားနည်းချက်တွေဟာ ပြည်သူများ၏ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ခြင်း၊
ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီ တင်သွင်းသည့် သင်္ဘောများ သယ်ယူပို့ဆောင်ရန် အခက်အခဲများကြောင့် စက်သုံးဆီ ရှားပါးမှု နောက်ဆက်တွဲအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် စက်သုံးဆီ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း၊
စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများအနေဖြင့် မဖြစ်မနေ အသုံးပြုရမည့်လုပ်ငန်းများတွင် စက်သုံးဆီ၊ ဓာတ်မြေဩဇာများရရှိမှု အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။
စိုက်ပျိုးရေးတွင်လည်း နိုင်ငံတော်အကြီးအကဲလမ်းညွှန်သလို မျိုး၊ မြေ၊ ရေ၊ နည်းနှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်များနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရန် လိုအပ်ခြင်း၊ မွေးမြူရေး အတွက် နည်းပညာနှင့် အရင်းအနှီးများ ပြည့်စုံမှုမရှိသေးခြင်းစသည့် ဖြေရှင်းရမည့် စိန်ခေါ်မှုများ ရှိနေသည်။
ဒီစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ ပြည်သူများကြား စည်းလုံး ညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်သွားရန် လိုအပ်တာ ဖြစ်ပါတယ်။ ပြည်သူများ၏ ဆန္ဒမဲပေး ထောက်ခံမှုကြောင့် ကျွန်တော်တို့အနေဖြင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ထပ်မံ တာဝန်ပေးအပ်ခံရခြင်းဖြစ်သည့်အတွက် ပြည်သူများ၏ အသံနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ၏ သဘောထားများကို အလေးထား ဦးစားပေး ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် “ပြည်သူ့အကျိုးကို ရှေးရှုခြင်း”၊ “တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားခြင်း”၊ “ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ခြင်း” နှင့် “ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း”များကို အခြေခံပြီး မိမိ၏ အတွေ့အကြုံ၊ ဝီရိယနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် ကတိပြုလိုပါတယ် ။
ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ အေးချမ်းသာယာမှု၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ် ကာကွယ်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဦးစားပေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့် ပြည်သူလူထု၏ လိုအပ်ချက်၊ အခက်အခဲများနှင့် အငြင်းပွားမှုများ တရားမျှတစွာ ဖြေရှင်းပေးရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် “ဥပဒေအထက်တွင် မည်သူမျှ မရှိဆိုတဲ့ မူနှင့်အညီ” အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း နိုင်ငံတော် အကြီးအကဲ၏ အဓိကလမ်းညွှန်ချက်ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတွန်းအားပေး ဆောင်ရွက်ခဲ့ပြီး နည်းပညာ၊ ငွေကြေးအရင်းအနှီး ပံ့ပိုးပေးခြင်းနှင့် အခြားတင်ပြချက် အခက်အခဲများကို ဖြေရှင်းပေးခြင်းတို့ဖြင့် အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ယခုစတင်မည့် အစိုးရသစ်ကာလတွင်လည်း တိုင်းဒေသကြီး၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်၊ မူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သလို တိုင်းဒေသကြီးအတွင်း ရှိပြီးသားအခြေခံကောင်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs နှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းဒေသကြီး၏ ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အဓိကလုပ်ငန်းများအဖြစ် မူဝါဒချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအား တောင်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပန်းတိုင်ပြည့်မီရန် အဓိကကျသော လိုအပ်ချက်များဖြစ်သည့် နည်းပညာ၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ၊ မြေဩဇာ ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒေသတွင်း သား၊ ငါး ဖူလုံရန်သာမက တိုင်းဒေသကြီး၊ ပြည်ပနှင့် နိုင်ငံခြားပို့ကုန်ရသည်အထိ ထုတ်လုပ်နိုင်ရေး လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိရေးတို့ကို ဦးစားပေး ပံ့ပိုး ကူညီနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များနှင့် ဒေသတွင်း ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများအတွက် နည်းပညာအရင်းအနှီးနှင့် ဈေးကွက်ရရှိရေးတို့ ပံ့ပိုးသွားမှာဖြစ်ပါတယ်။
ထို့အပြင်မန္တလေးမြို့၏ ရှေးဟောင်းအမွေအနှစ်နေရာများနှင့် အထင်ကရ နေရာများအား အခြေခံပြီး ပြည်သူလူထု အလုပ်အကိုင်ရရှိရေးနှင့် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အဓိကကျသည့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်သွားမည်ဖြစ်ပြီး ခရီးသွားပြည်သူများအား ဆွဲဆောင်နိုင်သည့် ရာသီအလိုက် ပွဲတော်များနှင့် ပြပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်သွားမှာဖြစ်ပါတယ်။
တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်ကဏ္ဍသည် အရေးကြီးပါသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို တိုးမြှင့်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်နိုင်ရေးနှင့် လူငယ်တွေအတွက် အသက်မွေး ဝမ်းကျောင်း ပညာရေးကို ပိုမိုတိုးချဲ့ဆောင်ရွက်ခြင်း၊ အမျိုးသမီး၊ ကလေးငယ်များနှင့် ထိခိုက် လွယ်သော အုပ်စုများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်များ ဆောင်ရွက်ပေးခြင်း၊ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ဖြင့် လူငယ်များကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား-
ကျွန်တော်တို့ အစိုးရအသစ်အနေဖြင့် အစိုးရတာဝန်ယူမည့် ပထမရက်ပေါင်း (၁၀၀) အတွင်း ပြည်သူလူထုအကျိုးပြုမည့် လုပ်ငန်းများဆောင်ရွက်ရန် ရွေးချယ်ထားပါတယ်။
စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ ပန်းတိုင်သီးနှံအထွက်နှုန်းရရှိရေးနှင့် သီးနှံများ အရည်အသွေးကောင်း ရရှိရေးအတွက် ရက်(၁၀၀)အတွင်း မိုးသီးနှံ(၈)မျိုးတွင် မျိုးစေ့ထုတ်စိုက်ခင်း (၂,၄၈၅) ဧကနှင့် သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် (၁,၀၆၁) ဧက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထို့ပြင် ရက်ပေါင်း(၁၀၀)အတွင်း နည်းပညာပေးလုပ်ငန်းဖြစ်သော ပန်းတိုင်အထွက်နှုန်းရရှိရေး သင်တန်း(၁၀)ကြိမ်၊ ပညာပေးဆွေးနွေးပွဲ(၁၀၅)ကြိမ်၊ ကွင်းသရုပ်ပြပွဲ (၅)ကြိမ်၊ မျိုးယှဉ်ပြိုင် စမ်းသပ် ကွက် (၂)ကွက်တို့အား ခရိုင်(၁၁)ခုတွင် စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စိုက်ပျိုးရေ တိုးတက်ရရှိရေးအတွက် ရေအရင်းအမြစ်မှ ရက်(၁၀၀)အတွင်း ရေသောက်စနစ် ဖော်ဆောင်ခြင်း လုပ်ငန်း(၃)ခုနှင့် ဆိုလာတပ် စက်ရေတွင်းလုပ်ငန်းများ တူးဖော်ခြင်း လုပ်ငန်း(၂)ခု ပေါင်း လုပ်ငန်း(၅)ခု၊ အကျိုးပြု ဧက (၅၉၀) စိုက်ပျိုးရေ ရရှိရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ယခုနွေစပါးရိတ်သိမ်းမည့်ကာလတွင် လိုအပ်မည့် စက်သုံးဆီပမာဏအား စိစစ်၍ ဝယ်ယူခွင့် ရရှိရေး တိုင်းရေနံ၊ စိုက်ပျိုးရေး၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေါင်းစပ်ပြီး သီးခြားဝယ်ယူရရှိရေး တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြလို ပါတယ်။
လတ်တလော စက်သုံးဆီ ပြဿနာနှင့် ပတ်သက်၍ မန္တလေးတိုင်းအနေဖြင့် ယခင်ပုံမှန် ကာလများတွင် စက်သုံးဆီခွဲတမ်း တစ်ရက်ပျမ်းမျှအနေဖြင့် ဓါတ်ဆီ(၄၄၅,၉၉၀) ဂါလံ၊ ဒီဇယ် (၅၆၃,၆၆၉) ဂါလံ ရရှိခဲ့ရာမှ လက်ရှိကာလတွင် ဓါတ်ဆီ(၂၇၅,၁၉၃) ဂါလံ၊ ဒီဇယ်(၃၄၉,၁၃၀) ဂါလံ ရရှိထားသဖြင့် မူလထက် လျော့နည်းရရှိသော်လည်း တိုင်းဒေသကြီးအနေဖြင့် လတ်တလောဖူလုံမှု ရှိကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မလိုအပ်ဘဲ ဝယ်ယူစုဆောင်းမှုမရှိစေရေးနှင့် သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရမှုများအား ပညာပေးအရေးယူခြင်းများဖြင့် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်။
ပြည်သူများ နေထိုင်ပိုင်ဆိုင်မှု အထောက်အထားခိုင်မာစေရေး၊ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် မြို့နယ်(၁၆)မြို့နယ်မှ ကျေးရွာ (၁၆)ရွာအား မြေတိုင်းတာပြီး ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထို့ပြင် ပြည်သူများအတွက် ဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းကို ပုံမှန်(၁၅)ရက်အတွင်း အပြီးဆောင်ရွက်လျက်ရှိရာ ရက်(၁၀၀)အတွင်း၌ (၇)ရက် အတွင်းပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ် (၂)မြို့နယ်တွင် ကွင်းပေါင်း(၂၀)အား မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ပြုစုထားသော စာရင်းဇယားများအရ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၄၇၂၇၉၄)ဦး ခန့်ရှိပြီး ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးမည်ဖြစ်ပြီး ထိုသို့ကွင်းဆင်းဆောင်ရွက်စဉ် UID (Unique Identification Number)ရိုက်ကူးပေးခြင်းနှင့် e- ID Server ရှိ အိမ်ထောင်စု စာရင်းဇယားများကိုပါ အချက်အလက်များ စိစစ်ပေးခြင်းနှင့် ပြင်ဆင်ပေး ခြင်းကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။
လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား–
ကျွန်တော်ဦးဆောင်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထက်တင်ပြပါ ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ဖွဲ့တည်း၏ အင်အားဖြင့် မအောင်မြင်နိုင်ဘဲ လွှတ်တော်၏ အကြံပြုလမ်းညွှန်မှု၊ ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများ ပါဝင်ပတ်သက်မှု လိုက်နာကြိုးပမ်းမှုနှင့် အဓိကအားဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ယုံကြည်မှုတို့ဟာ အရေးကြီးပါတယ်။
ကျွန်တော့်အနေဖြင့်လည်း အားလုံးနှင့် ရင်းရင်းနှီးနှီး၊ ယုံယုံကြည်ကြည် လက်တွဲပြီး ပြည်သူ့ အသံကို နားထောင်ကာ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြု တင်ပြလိုပါတယ်။ နိဂုံးချုပ်အနေဖြင့် ကျွန်တော်တို့အားလုံးရဲ့ ညီညွတ်တဲ့အားမာန်၊ တူညီတဲ့ ကြိုးပမ်းဆောင်ရွက် မှုများဖြင့် မန္တလေးတိုင်းဒေသကြီးသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရဲ့ စံပြ တိုင်းဒေသကြီးတစ်ခု ပြည်သူများဂုဏ်ယူရတဲ့ အေးချမ်းသာယာသော တိုင်းဒေသကြီးတစ်ခုဖြစ်အောင် ဝိုင်းဝန်းပုံဖော်ကြပါစို့ လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

