လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…… တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်(၅၃)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၇၂)ဦးတို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့ကျင်းပပြုလုပ်တဲ့ အစည်းအဝေး (သတ္တမနေ့)ဟာ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပြီးဆုံးတဲ့နေ့ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား………
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့တွင် ၂၀၁၃ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (စ)အရ သဘာပတိတင်မြှောက်ပြီး သဘာပတိမှ နည်းဥပဒေ ၁၇ အရ လွှတ်တော်ဥက္ကဋ္ဌ၊ နည်းဥပဒေ ၂၇ အရ ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ်ပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကတိသစ္စာပြု လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်ပါတယ်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးဆိုင်ရာကော်မတီတို့ ဖွဲ့စည်းရန် အမည်စာရင်းများအား လွှတ်တော်သို့ တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက ထံမှ ပေးပို့လာသည့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက် ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းသဝဏ်လွှာကို လွှတ်တော်သို့တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ဒုတိယနေ့က တင်ပြခဲ့သည့် ရေးရာ ကော်မတီ(၃)ခုဖွဲ့စည်းကြောင်းနှင့် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ၊ စည်ပင် သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကော်မတီတို့ ဖွဲ့စည်းရန် အမည်စာရင်းများအား လွှတ်တော်သို့ တင်ပြခြင်းများ ဆောင်ရွက် ခဲ့ပါတယ်။
ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တတိယနေ့က တင်သွင်းခဲ့သည့် ကော်မတီ (၃)ခု ဖွဲ့စည်းကြောင်းအတည်ပြုခြင်းနှင့် စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့ ဖွဲ့စည်းရန် အမည်စာရင်းများအား လွှတ်တော်သို့ တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း တင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဌာနအရေအတွက်နှင့် ဝန်ကြီးဦးရေ၊ တရား လွှတ်တော်၊ တရားသူကြီးဦးရေကို လွှတ်တော်သို့တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ စတုတ္ထနေ့က တင်သွင်းခဲ့သည့် ရေးရာကော်မတီ(၃)ခုကို ဖွဲ့စည်းကြောင်းအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီဖွဲ့စည်းရန် လွှတ်တော်သို့ တင်ပြခဲ့ပြီး၊ အတည်ပြုခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပြီး အတည်ပြုချက် ရယူခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
ပထမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများမှ ကတိသစ္စာပြုလက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်း၊ မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား………
လွှတ်တော်ရပ်နားနေစဉ်ကာလအတွင်း ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ ရောက်ရှိရာနေရာဒေသတွင် ပြည်သူ့အသံကို နားထောင်ခြင်း၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်း၊ ပြည်သူ့လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်ခြင်း၊ အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်ဆောင်မည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ရန်၊ ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူကိုကိုယ်စားပြုနိုင်ရန် အထူးအလေးထား ဆောင်ရွက်သွားစေလိုပါတယ်။ ပြည်သူ များ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေမည့် လုပ်ငန်းတာဝန်များကိုလည်း စိတ်ကောင်း စေတနာမှန်နှင့် ဆတက်ထမ်းပိုး ထမ်းဆောင်ကြဖို့လိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ အဓိကကျသော မဏ္ဍိုင်ကြီးတစ်ခု ဖြစ်သည့် ဥပဒေပြုမဏ္ဍိုင်တွင် ပါဝင်ဆောင်ရွက်ကြမည့်သူများဖြစ်သည့်အတွက် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် လုပ်ပိုင်ခွင့်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီအောင် ကြိုးပမ်းပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာကိစ္စများကို အားလပ်ချိန်များတွင် လေ့လာထားရန် လိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်လိုက် သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့်အတွက် မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေနှင့် မိမိကိုယ်စားပြုရာ မဲဆန္ဒနယ်မြေအတွင်းတွင်ရှိသည့် နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံ တစ်ဝန်း လုံးတွင်ရှိသည့် အရေးကိစ္စများကို အမြော်အမြင်ရှိစွာဖြင့် ဥပဒေနှင့်အညီ အလေးထား ကြိုးပမ်းဆောင်ရွက်ကြပြီး ပြည်သူများ၏လိုလားချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် သူများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားစေလိုပါတယ်။ ၁၃၈၈ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါကြောင်းနှင့် “ ပြည်သူ့ အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

