မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးကို(၃.၁.၂၀၁၁) ရက်နေ့မှစ၍ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(၁)ဦး ဦးဆောင်သည့် အရာထမ်း၊အမှုထမ်း စုစုပေါင်း (၃၅) ဦးဖြင့် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး (၂၈.၄.၂၀၁၄)ရက်နေ့မှစတင်၍ ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူး(၁)ဦး ဦးဆောင်သည့် အရာထမ်း(၈)ဦး၊ အမှုထမ်း(၄၇)ဦး၊ စုစုပေါင်း (၅၅)ဦး ဖြင့် ပြင်ဆင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်ရုံး၏ (၁၇.၁.၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၉/ ၂၀၁၇)၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၏ (၁.၄.၂၀၁၇) ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၃/ ၂၀၁၇)ဖြင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးကို (၁.၄.၂၀၁၇) ရက်နေ့မှ စတင်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အရာထမ်း (၁၈) ဦး၊ အမှုထမ်း (၁၀၆) ဦး၊ စုစုပေါင်း (၁၂၄) ဦးဖြင့် သီးခြား ဖွဲ့စည်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဉီသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀-၇၃ လမ်းကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၅.၀၀ ဧက ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ် (၁) မြို့နယ်လျှင် (၂) ဦးကျစီ၊ (၂၈) မြို့နယ် အတွက် ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆) ဦး၊ နိုင်ငံတော် ရှိလူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၁) ဦး၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦး၊ စုစုပေါင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၆) ဦးဖြင့် ဖွဲ့စည်းထားပါသည်။
ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ကိုယ်စားလှယ် (၅၅) ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ် (၁) ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ရှမ်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (၁) ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၉) ဦး၊ စုစုပေါင်း (၇၆) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ် (၄၈) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ် (၇) ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ် (၁) ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (၁) ဦး၊ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦး၊ စုစုပေါင်း (၇၆) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ကိုယ်စားလှယ် (၃၅) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၈) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၅)ဦး၊ ပြည်သူ့ပါတီမှ (၄)ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ(၁)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ရှမ်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (၁) ဦး၊စုစုပေါင်း (၇၂) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

