ယနေ့စတင်ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများက ကျွန်တော့်ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ကြတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ကိုယ်စားလှယ်ကြီးများက ကျွန်တော့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်မှု အပေါ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တာဝန်များကို ကျေပွန်အောင် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေရာကနေ ကတိပြုပါတယ်ခင်ဗျား။
ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ အဓိကတာဝန်ကတော့ ပြည်သူကို ဦးထိပ်ထားပြီး ခေတ်စနစ်နဲ့ ကိုက်ညီသော ဥပဒေများ ပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်။ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ရာမှာလည်း ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲများမထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ မှာ ပြဋ္ဌာန်းထားတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ဇယား(၂)တွင် ဖော်ပြထားသည့် ဥပဒေပြုစာရင်းပါကိစ္စရပ်များမှ တိုင်းဒေသကြီးအတွက် လိုအပ်သည့် ဥပဒေများအသစ်ရေးဆွဲခြင်း၊ ပြဋ္ဌာန်းပြီး ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သော ဥပဒေများအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဒေသနှင့် ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား……
ကျွန်တော်တို့အားလုံးဟာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ မဲပေး ရွေးချယ်မှုကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ယနေ့ကစပြီး တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ မိမိတို့ မြို့နယ်များအလိုက် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ ပြည်သူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ လွှတ်တော်လုပ်ငန်းများဆောင်ရွက်တဲ့ နေရာမှာ လွှတ်တော်ကိုယ်စာားလှယ်များအချင်းချင်း ရင်းနှီးချစ်ခင်စွာနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား…..
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတစ်ဦးချင်းရဲ့ ဘဝလုံခြုံရေးနှင့် လူ့အခွင့်အရေးများ အပြည့်အဝရရှိရန်အတွက် တရားဥပဒေစိုးမိုးရေး ပြည့်ဝဖို့ အထူးလိုအပ်ပါတယ်။ အဲ့ဒါကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ နိုင်ငံတော်၏အခြေခံမူတစ်ရပ်ဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားလာရေး လုပ်ငန်းစဉ်များကိုလည်း ပါဝင်ဖော်ဆောင်နေကြရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အကျိုးထမ်းဆောင်ခြင်းနှင့် ဥပဒေများရေးဆွဲခြင်းအပါအဝင် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကိုယ်စားလှယ်တစ်ဦးချင်း လုပ်ငန်းစွမ်းရည်မြှင့်တင်နိုင်ရေး၊ လွှတ်တော်လုပ်ငန်းများ စွမ်းရည်မြှင့်တင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များအချင်းချင်း ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ပြည်သူများနှင့်ထိတွေ့ခြင်း၊ ပြည်သူများ ထံမှရရှိသည့် သတင်းအချက်အလက်များကို လွှတ်တော်သို့ တင်ပြခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို စဉ်ဆက်မပြတ် လေ့လာခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား…
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူသော အာဏာကြီး (၃)ရပ်ဖြင့် ပိုင်းခြားကျင့်သုံးဆောင်ရွက်ကြပါတယ်။ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်အရေးကြီးသောအရာဖြစ်ပါတယ်။ ဥပဒေများဟာ တရားမျှတမှု၊ မှန်ကန်မှု၊ ခေတ်နှင့်လျော်ညီမှုရှိမှသာ နိုင်ငံနှင့်ပြည်သူများ ဖွံ့ဖြိုးတိုးတက်ပြီး ဥပဒေ၏ အကာအကွယ် နှင့် အနှစ်သာရ အကျိုးကျေးဇူးများကို ရရှိခံစားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ လွှတ်တော်အနေနဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုခြင်းတာဝန်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ခက်မ(၃)ဖြာအကြား အပြန်အလှန်ထိန်းညှိရေး၊ အပြန်အလှန်အကူအညီပေးရေး တာဝန်များကိုပါ မိမိတို့ ဒေသနဲ့ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှု၍ ကိုယ်စားလှယ်များအားလုံးက စိတ်ကောင်းစေတနာမှန်ကို အခြေခံလျက် အစဉ်တစ်စိုက် ကြိုးစား ထမ်းရွက်နေကြရမှာပဲဖြစ်ပါတယ်။ လွှတ်တော်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် – လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသော ဆောင်ပုဒ်နဲ့အညီ ပြည်သူ့အကျိုး ပြည်သူ့လိုအပ်ချက်များကို အဆို၊ မေးခွန်းများ မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကျွန်တော်တို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကို ယုံကြည်စွာ ထောက်ခံရွေးချယ်ပေးအပ်လိုက်တဲ့ ပြည်သူလူထုရဲ့ အဆုံးအဖြတ် အပေါ် တန်ဖိုးထားလေးစားပြီး ရိုးသားမှု၊ ကြိုးစားမှု၊ တာဝန်ယူမှု၊ ပြည့်ဝစွာဖြင့် နိုင်ငံတာဝန်၊ ပြည်သူ့တာဝန်များကို ဦးလည်မသုန် ဆောင်ရွက်သွားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ကျွန်တော် အနေနဲ့လည်း အားလုံးနဲ့အတူတကွ ပူးပေါင်းလက်တွဲပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။

