လေးစားအပ်ပါသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား …
ယနေ့ကျင်းပသည့် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့)သို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် တာဝန်ရှိ ရုံးဝန်ထမ်းများအားလုံး ကိုယ်၊ စိတ် နှစ်ပါး ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်သအပ် ပါတယ်။
ကျွန်တော်ကတော့ ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်ဖြစ်ပါတယ်။ ယနေ့အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက ကျွန်တော့်ကို သဘာပတိအဖြစ် ယုံကြည်စွာ အသိအမှတ်ပြု တင်မြှောက်ပေးကြသည့်အတွက် ဝမ်းသာဂုဏ်ယူမိသလို လွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေဖြင့်လည်း သဘာပတိတာဝန်ကို ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ကျေပွန်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား …
ယနေ့ ဒီခန်းမဆောင်အတွင်းမှာ ကျွန်တော်တို့အားလုံး စုဝေးနေကြခြင်းမှာ ပြည်သူ လူထုက အပ်နှင်းထားသည့် “ယုံကြည်မှု”နှင့် “မျှော်လင့်ချက်”တို့ကို လက်တွေ့ အကောင် အထည်ဖော်ရန်အတွက် ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အခွင့်၊ အာဏာကို ကိုင်စွဲထားသူမဟုတ်ဘဲ “တာဝန်” ကို ထမ်းပိုးထားသူသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူထူထုက ကျွန်တော်တို့ရဲ့ ပုခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ ဥပဒေတွေရေးဆွဲရန် သက်သက်မဟုတ်ဘဲ “ပြည်သူတွေရဲ့” အခက်အခဲ တွေကို ဖြေရှင်းပေး ရမယ့် မျှော်လင့်ချက် အိမ်ဖြူတော်နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အစည်းအဝေးကနေ ပြည်သူလူထုရဲ့ စိတ်နှလုံးကို အေးမြစေမယ့် တိုင်းပြည်ရဲ့ အခက်အခဲတွေကို ကျော်လွှားစေနိုင်မယ့် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ထွက်ပေါ်လာအောင် စွမ်းဆောင်သွားကြမယ့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းစဉ်များကို လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် လွှတ်တော်လုပ်ငန်းစဉ်တိုင်းတွင် ကောင်းမွန်မှန်ကန်စွာ ဆွေးနွေး ညှိနှိုင်းပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် လွှတ်တော်ကိုယ်စားလှယ် အားလုံးက –
(၁) အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူ့ဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြပါ။
(၂) အမြင်ကျဉ်းမြောင်းမှုကို စွန့်လွှတ်ပြီး ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားကို မျှော်မြင်ဆွေးနွေးပေးကြပါ။
(၃) မိမိတို့၏ ဆောင်ရွက်ချက်တိုင်းဟာ သမိုင်းတွင် ဂုဏ်ယူထိုက်သည့် မှတ်တမ်း ကောင်းများအဖြစ် ကျန်ရစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ကျေးဇူးတင်ပါတယ်။

