တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို မတ်လ ၂၆ ရက် ယနေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့် အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးဆိုင်ရာ ကော်မတီများ ဖွဲ့စည်းရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယင်းကော်မတီများအား ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက ၎င်းကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ကော်မတီ ဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။       

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကက ပေးပို့လာသည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဖတ်ကြားပြီး လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကို မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။