မန္တလေး အောက်တိုဘာ ၁
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို (၁.၁၀.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ် (၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များနှင့် လေ့လာသူ(၉၈)ဦး စုစုပေါင်း(၁၆၉)ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ငါန်းဇွန်မြို့နယ်၊ကိုယ်စားလှယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူ တင်သွင်းထားသည့်“ ဂရန်ရရှိသင့်သူများ ဂရန် ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ပေးရေး” အဆိုနှင့် စပ်လျဉ်း၍လွှတ်တော်သို့ အမည်စာရင်းတင်သွင်း ထားသော လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုကို သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အဆိုအားအတည်ပြုရန် လွှတ်တော်၏သဘောထား ရယူရာ သဘောတူသည့်အတွက် လွှတ်တော်က အဆိုအတည်ဖြစ်ကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို(၁၁:၃၀)နာရီ အချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး(သတ္တမနေ့)ကို ၂.၁၀.၂၀၂၆ (သောကြာနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။



















