တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပ

မန္တလေး စက်တင်ဘာ ၂၄          

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၂၄.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ် (၁၀)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူ (၆၅)ဦး စုစုပေါင်း(၁၂၉)ဦးတက်ရောက်သည်။ ဆက်လက်၍တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၈)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၂)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုသော “မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး”၏ အမည်စာရင်းနှင့်ပတ်သက်၍ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဦးဌေးအောင်အား ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးက  “မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်”  ကို  လွှတ်တော်သို့ တင်သွင်းခြင်း၊ အဆိုပါ လျာထားချက်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌက ဖတ်ကြားတင်သွင်းသည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုပါလျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက  အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့် နေ့ရက်ကို ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၁၁:၄၅) နာရီ အချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး (တတိယနေ့)ကို ၂၅.၉.၂၀၂၆ (သောကြာနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။