တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့) စတင်ကျင်းပ

မန္တလေး စက်တင်ဘာ ၂၂          

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) ကို(၂၂.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၇၁)ဦး တက်ရောက်သည်။ ဆက်လက်၍  တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၃)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအဆိုပြုသော “ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ”၏ အမည်စာရင်းကို လွှတ်တော်သို့ ကြေညာခြင်းနှင့် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ် နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခဲ့သည်။  မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (ပထမနေ့) ကို (၁၁:၃၀) နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို ၂၄.၉.၂၀၂၆ (ကြာသပတေးနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။