တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကို မတ်လ ၃၀ ရက် ယနေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့် အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။

          တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးဆိုင်ရာကော်မတီများတွင် ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၏ အမည်စာရင်း၊ ကော်မတီများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များနှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ကော်မတီများဖွဲ့စည်းကြောင်း ကြေညာသည်။

          ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၊ စည်ပင်သာယာရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယင်းကော်မတီများအား ဖွဲ့စည်းရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြသည်။ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ၎င်းကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ကော်မတီများဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး စတုတ္ထနေ့ကို မတ်လ ၃၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။