မန္တလေး စက်တင်ဘာ ၂၈
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၂၈.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ် (၈)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူ(၅၃)ဦး စုစုပေါင်း (၁၂၃)ဦး တက်ရောက်သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း တို့ကို ဆောင်ရွက်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က “မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၇ -၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ လျာထားချက်”နှင့်စပ်လျဉ်း၍ လွှတ်တော်မှအတည်ပြု ပေးပါရန် တင်သွင်း ခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ၎င်းလျာထားချက်နှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူသည့်အတွက် လွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြုကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ကို (၁၁:၀၀) နာရီအချိန်တွင်ရပ်နားကြောင်းနှင့် အစည်း အဝေး (ပဉ္စမနေ့)ကို ၂၉.၉.၂၀၂၆ (အင်္ဂါနေ့) နံနက်(၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။






















