တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

မန္တလေး စက်တင်ဘာ ၂၅          

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၂၅.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ် (၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း (၇၂)ဦး တက်ရောက်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၉)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက“ ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေး အတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ဆောင်ရွက် ပေးရေး” အဆိုကို လွှတ်တော်သို့ တင်သွင်း ခြင်းနှင့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကို ဆွေးနွေးရန် သင့် / မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ  လွှတ်တော်က သဘောတူသည့် အတွက် အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက  အမည် စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၁၁:၀၅) နာရီအချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး (စတုတ္ထနေ့)ကို ၂၈.၉.၂၀၂၆ (တနင်္လာနေ့) နံနက်(၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။