တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့) စတင်ကျင်းပ

မန္တ‌လေး နိုဝင်ဘာ ၉

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)ကို (၉.၁၁.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၁၄)ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ   စုစုပေါင်း(၆၆)ဦး တက်ရောက်သည်။ ပထမဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုသော “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး”၏ အမည်စာရင်းကို လွှတ်တော်သို့ကြေညာခြင်းနှင့် အမည်စာရင်းတင်သွင်း ထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက “စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ” နှင့် “ပို့ဆောင်ရေး၊ ဆက်သွယ် ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ” တို့အားအမည်ပြောင်းလဲခြင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ပြောင်းလဲခြင်း၊  လုပ်ငန်းတာဝန်များ ပြင်ဆင်ခြင်းတို့နှင့် စပ်လျဉ်း၍   လွှတ်တော်သို့တင်ပြသည်။ ဆက်လက်၍   ပြင်ဆင် သတ်မှတ်သည့် ကော်မတီတို့၏ တာဝန် များနှင့်စပ်လျဉ်း၍  လွှတ်တော်ဒုတိယဥက္ကဋ္ဌက ရှင်းလင်း ပြောကြားခြင်း၊ ၎င်းကော်မတီတို့နှင့် ပတ်သက်၍  အမည်ပြောင်းလဲခြင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပြောင်းလဲခြင်း၊ လုပ်ငန်း တာဝန်များ ပြင်ဆင်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)ကို (၁၀:၄၀) နာရီအချိန်တွင်  ရပ်နားကြောင်း နှင့် အစည်းအဝေး (ဒုတိယနေ့) ကို ၁၀.၁၁.၂၀၂၆ (အင်္ဂါနေ့) နံနက်(၁၀:ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။