မန္တလေးတိုင်းဒေသကြီး သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဥပဒေ (မူကြမ်း) ရေးဆွဲနိုင်ရေး သတ္တုလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မန္တလေး နိုဝင်ဘာ ၅

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်း ပြုစုရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ   မန္တလေးတိုင်းဒေသ ကြီး သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်း ဥပဒေ(မူကြမ်း) ရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းပြီး သတ္တုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား  ယနေ့မွန်းလွဲ (၁:၀၀) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အစည်းအဝေး သို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်း ပြုစုရေးအဖွဲ့ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ဒုတိယ ဥက္ကဋ္ဌဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေးနှင့် ကော်မတီအဖွဲ့ဝင်များ၊  သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့် သတ္တု လုပ်ငန်းရှင် (၂၈)ဦး  တက်‌‌ရောက်ကြသည်။   

          ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်း၊ ဥပ‌ဒေကြမ်းပြုစုရေးဆွဲရေးအဖွဲ့များမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ သတ္တုလုပ်ငန်းရှင်များက ဆွေးနွေးခြင်း၊ ဆွေးနွေးတင်ပြချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း၊ ထို့နောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။