ပထမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း

လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ တပ်မတော်သားကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်စကား ပြောပါရစေ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွက် ဥက္ကဋ္ဌတာဝန်ကို လူကြီးမင်းတို့က ကျွန်တော့်အား ပေးအပ်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ကျေးဇူးတင်ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ လူကြီးမင်းတို့ ပေးအပ်တဲ့တာဝန်ကို ကျွန်တော့်အနေနဲ့ မိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန် ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်။ ဒီလိုထမ်းဆောင်ရာမှာ မိမိရဲ့ ကိုယ်ကျိုး မပါဘဲ အများပြည်သူရဲ့အကျိုးကို ရှေးရှုပြီး အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ပါ့မယ်လို့လည်း ဝန်ခံကတိပြုပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများဟာ အပြောင်းအလဲတစ်ရပ်ကို လိုလားကြလို့ ကျွန်တော်တို့ကို ဝိုင်းဝန်းတာဝန်ပေးခဲ့ကြတာကြောင့် ကိုယ်စားလှယ်တော်ကြီးများနှင့် ကျွန်တော်တို့ဟာ ဒီနေရာကို ရောက်နေကြတာ ဖြစ်ပါတယ်။ ဒီလို တာဝန်ပေးလိုက်တော့ ကျွန်တော်တို့တတွေဟာ ပြည်သူများရဲ့ အကျိုးစီးပွား၊ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီတဲ့ အခွင့်အရေး တွေရရှိအောင် အားနဲ့မာန်နဲ့ ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ပြည်သူတွေ ပေးအပ်ထားတဲ့ တာဝန်ကို ကျွန်တော်တို့က ကျေပွန်ကြရပါလိမ့်မယ်။ ဒီလိုကျေပွန်မှသာ ကျွန်တော်တို့ကို ပြည်သူအားလုံးက ပိုမိုပြီးယုံကြည်ကိုးစားမှုရှိပါလိမ့်မယ်။ တကယ်တော့ နိုင်ငံရေးဆိုတာဟာ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံရဲ့အရေးကိစ္စဖြစ်တာကြောင့်မို့ နိုင်ငံရေးဆောင်ရွက်ဖို့ဆိုတာ လူတိုင်းမှာ တာဝန် ရှိပါတယ်။ အဲလိုတာဝန်ရှိသလို နိုင်ငံရေးကို ဆောင်ရွက်ရာမှာ ရိုးသားမှုရှိဖို့လဲ လိုအပ်ပါတယ်။ ရိုးသားမှုဆိုတာ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တဲ့ ပြည်သူလူထုအပေါ် မလိမ်မညာဘဲနဲ့ တာဝန်ကျေအောင် လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။ အများပြည်သူအကျိုးအတွက် ရိုးသားစွာ လုပ်မယ်ဆိုရင် ကျွန်တော်တို့တတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာဟာ အမြဲတမ်းမြင့်မားနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ရိုးသားစွာ ဆက်ဆံဖို့ လိုအပ် ပါတယ်။ ဒါကို ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးများက ထိန်းသိမ်း စောင့်ရှောက်ကြရပါမယ်။ ကျွန်တော်တို့ ဒီမိုကရေစီ တိုင်းပြည်တွေမှာ မဏ္ဍိုင်ကြီး (၃)ရပ် ခိုင်ခိုင်မာမာ ရှိရပါမယ်။ ဒီမဏ္ဍိုင်ကြီး (၃)ရပ်ဟာ အပြန်အလှန် ထိန်းကျောင်းပြီးတော့ ဆောင်ရွက်မှုရှိရပါမယ်။ အဲလို အပြန်အလှန် ထိန်းကျောင်းမှုရှိမှသာ တိုင်းပြည်ဟာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပါလိမ့်မယ်။ ကျွန်တော်တို့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ ပြည်သူလူထုအတွက် တရားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်။ မတရားတဲ့ဥပဒေတွေကိုလည်း ဖျက်သိမ်းတန်တာကို ဖျက်သိမ်း၊ ခေတ်နှင့် လျော်ညီအောင် ပြင်သင့် တာကို ပြင်ဆင်၊ ဖြည့်စွက်သင့်တာကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လုံခြုံရေးကို အပြည့်အဝမပေးနိုင်ဘူး။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးရမယ့် တာဝန်ရှိပါတယ်။ ပြဋ္ဌာန်းပေးရမယ့် တာဝန်ရှိပါလျက်နဲ့ ပြဋ္ဌာန်းမပေးရင် ကျွန်တော်တို့ဟာ ဥပဒေ ချိုးဖောက်သူဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဥပဒေပြုသူများဟာ ဥပဒေ ဖောက်ဖျက်သူများမဖြစ်ဖို့ အရေးကြီးပါတယ်။ အင်္ဂလိပ်လိုပြောမယ်ဆိုရင် Law Makers should not be Law Breakers ။ လွှတ်တော်ကြီးဟာ ဥပဒေပြုရုံသာ မကပါဘူး။ အစိုးရရဲ့ ဆောင်ရွက်မှုများကိုလည်း ထိန်းကျောင်း ပေးရတဲ့တာဝန်ရှိပါတယ်။ ထို့အပြင် ဘဏ္ဍာငွေရသုံးမှန်းခြေငွေစာရင်းများကိုလည်း စိစစ်ရမယ့် တာဝန်ရှိပါတယ်။ ဒီလိုကြီးမားတဲ့ တာဝန်အများအပြားကို ဆောင်ရွက်ရမှာမို့ ကျွန်တော်တို့ အားငယ် စရာမရှိဘူး။ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်မြှင့်သင်တန်း တွေကို ကျွန်တော်တို့ တက်ကြရမှာပါ။ အမှန်ကတော့ အဓိကကတော့ စိတ်ဆန္ဒပါပဲ ပြည်သူတွေ အတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဲဒီခိုင်မြဲတဲ့ စိတ်ဓာတ်ရှိနေရင် ကျွန်တော်တို့မှာ ဘာအခက်အခဲမှ မရှိနိုင်ပါဘူး။ အဲဒီစိတ်ဓာတ်အပေါ်မှာ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကျွန်တော်တို့ရဲ့ အတတ်ပညာကို ဖြည့်စွက်လိုက်ရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ မအောင်မြင်ဘဲ မနေပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ကြရမှာ ဖြစ်လို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲတွေ မထားဘဲနဲ့ နိုင်ငံသူ၊ နိုင်ငံသားတို့အကျိုးကို ပူးပေါင်းဆောင်ရွက် ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဤကဲ့သို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ ကင်းကင်းနဲ့ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ မြင့်မားနေမှာပါ။ ဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာဟာလည်း မြင့်မားနေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာမြင့်မားအောင်၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်ပြီး အဆင်ပြေချောမွေ့အောင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်အောင် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ် လိုက်ပါတယ်။