မန္တလေး သြဂုတ် ၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၅.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၁၀)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ စုစုပေါင်း(၇၁)ဦး တက်ရောက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၆)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း (၂၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကိုဆောင်ရွက်သည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက “ဥပဒေကြမ်း ပြုစုရေးဆွဲရေးအဖွဲ့များ” ဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြခြင်း၊ ယင်းဖွဲ့စည်းရန်နှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ လွှတ်တော်ကသဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။ ဆက်လက်၍ ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူတင်သွင်းသည့် “မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဘဏ္ဍာရေးနှစ်အလိုက် ပိုလျှံငွေများကို ဖြည့်စွက်ရန်ပုံငွေအဖြစ်အသုံးပြုရေးနှင့် အကြောင်း အမျိုးမျိုးကြောင့် ဝင်ငွေရရှိမှုနည်းသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရရန်ပုံငွေမှ အထောက်အပံ့ပေးရေး” အဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကို ဆွေးနွေးရန် သင့် / မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ လွှတ်တော်ကသဘောတူသည့်အတွက် အဆိုနှင့်ပတ်သက်၍ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁:၄၅)နာရီ အချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး (တတိယနေ့)ကို ၆.၈.၂၀၂၆(ကြာသပတေးနေ့) နံနက်(၁၀:ဝဝ)အချိန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။






























