မန္တလေး သြဂုတ် ၆
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၆.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၇၂)ဦး တက်ရောက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၆)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၂၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကိုဆောင်ရွက်သည်။ ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကျော် တင်သွင်းသည့် “မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ် အေးချမ်းရေး နှင့် လုံခြုံရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေး” အဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကို ဆွေးနွေးရန် သင့် / မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ ဆောင်ရွက်ရာ လွှတ်တော်ကသဘောတူသည့်အတွက် အဆိုနှင့်ပတ်သက်၍ ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်း နိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (တတိယနေ့) ကို (၁၁:၃၅) နာရီအချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး (စတုတ္ထနေ့)ကို ၇.၈.၂၀၂၆ (သောကြာနေ့)နံနက်(၁၀:ဝဝ) နာရီ အချိန်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။


























