တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) ဆက်လက်ကျင်းပ

မန္တလေး ဇွန် ၉

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့)ကို(၉.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ် စုစုပေါင်း(၇၂)ဦး တက်ရောက်သည်။ ဆက်လက်၍  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် ငါန်းဇွန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူ တင်သွင်း ခဲ့သည့် “စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင်ထည့်သွင်းရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး” အဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး၊ အဆိုရှင်ကမှတ်တမ်းအဖြစ်ထားရှိရန် သဘောတူ သဖြင့် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏သဘောထားကိုရယူရာ လွှတ်တော်မှ သဘောတူ သည့်အတွက် ၎င်းအဆိုအား မှတ်တမ်းတင်ကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး (ပဥ္စမနေ့)ကို (၁၁:၃၀) နာရီ အချိန်တွင် ရပ်နား ကြောင်းနှင့်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၁၀.၆.၂၀၂၆(ဗုဒ္ဓဟူးနေ့) နံနက် (၁၀:ဝဝ) နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။