မန္တလေး ဇွန် ၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို(၅.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၇)ဦး တက်ရောက်သည်။ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် “စစ်ဘေးကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေး အတွက် ဒေသန္တရစီမံကိန်းတွင်ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး” အဆိုကို လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကို ဆွေးနွေးရန် သင့် / မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။ မန္တလေး တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၁: ၃၀) နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် အစည်းအဝေး (စတုတ္ထနေ့)ကို ၈.၆.၂၀၂၆ (တနင်္လာနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

























