မန္တလေး ဇွန် ၂
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၂.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ အစီအစဉ်(၁၀)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ် စုစုပေါင်း(၇၆)ဦး တက်ရောက်သည်။
အဆိုပါပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း (၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်သည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်တို့အား ပြောင်းလဲ/ ဖြည့်စွက်တာဝန်ပေးအပ်ရန် အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြပြီး၊ ၎င်းကော်မတီ (၅) ခု၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြောင်းလဲ/ ဖြည့်စွက် တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ကိုရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
















