မန္တလေး မေ ၂၆
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ က အဖွင့်အမှာစကား ပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ရှင်းလင်းတင်ပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေး တင်ပြခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းများ ဆောင်ရွက် ခဲ့ကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမနှင့် လွှတ်တော်ရုံး အတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။









