မိမိတို့ လွှတ်တော်ရဲ့ (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅)ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး (၁၄)ကြိမ်၊ အထူးအစည်းအဝေး (၃)ကြိမ် အပါအဝင် အစည်းအဝေး (၁၇)ကြိမ်ကျင်းပနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ယခုကျင်းပလျက်ရှိတဲ့ အရေးပေါ်အစည်းအဝေး (၁/၂၀၁၆)သည် (၁၈)ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်ပုံမှန်အစည်း အဝေးအထိ ဥပဒေ(၄၂)ခု၊ နည်းဥပဒေ (၃၉)ခု၊ လုပ်ထုံးလုပ်နည်း(၃)ခုကို ပြဋ္ဌာန်းအတည်ပြု ခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မိမိတို့လွှတ်တော် သည် ပြည်သူ့အကျိုးအတွက် အဆို(၁၀၅)ခု ကို တင်သွင်းခဲ့ပြီး ပြည်သူ့အသံနှင့် ဆန္ဒများကို ကိုယ်စားပြုမေးမြန်းခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်း (၂၁၄၀)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၅၄၁)ခုကို မေးမြန်း ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ ဥပဒေများ၊ အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မှု အားနည်းအားသာ အခြေအနေကို ယခင် အစည်းအဝေးတွင် အကျဉ်းချုံးသုံးသပ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု ကျင်းပနေတဲ့ အရေးပေါ် အစည်းအဝေး (၁/၂၀၁၆)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၀ (ခ)အရနှင့် ၁၉၃(ခ)တို့အရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဥပဒေကြမ်း(၂)ရပ်ကို ဤလွှတ်တော်သို့ ဝေဖန်ဆွေးနွေး အတည်ပြုပေးရန် တင်သွင်းထားပါတယ်။ ယင်းဥပဒေကြမ်း (၂)ရပ်ကတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေကြမ်း နှင့် ၂၀၁၆ ခု မန္တလေး တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်း များသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော ဥပဒေကြမ်း များ ဖြစ်ပါတယ်။ ယင်းသို့ တင်သွင်းထားသော ဥပဒေကြမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၄ ပါ ပြဋ္ဌာန်းချက်အရ မိမိတို့ လွှတ်တော်အနေနဲ့ ယခု လွှတ်တော်အစည်းအဝေးတွင် တင်သွင်း၊ ဆွေးနွေး အတည်ပြုပေးရန် ရှိပါတယ်။ မိမိတို့ လွှတ်တော်အနေနဲ့ ယခုကျင်းပလျက်ရှိတဲ့ အရေးပေါ်အစည်း အဝေး (၁/၂၀၁၆)မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ဥပဒေကြမ်းများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဝေဖန်ဆွေးနွေး အတည်ပြု ဆောင်ရွက်ပေးကြရန်နှင့် အတည်ပြု ပြီးပါက မိမိတို့ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလမှာ ဥပဒေ(၄၄)ခု အတည်ပြုပြီးမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။