မန္တလေး သြဂုတ် ၇
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို (၇.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း (၇၂)ဦး တက်ရောက်ကြသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၄)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၂၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က “ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းအကောင် အထည်ဖော်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ”ကို လွှတ်တော်သို့တင်သွင်းခြင်း၊ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ယင်းကော်မတီက ဖတ်ကြားတင်သွင်းသည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်းနှင့် ဆွေးနွေးမည့် နေ့ရက်ကို ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ကို (၁၂:၁၀) နာရီအချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး (ပဥ္စမနေ့)ကို ၁၀.၈.၂၀၂၆(တနင်္လာနေ့) နံနက်(၁၀:ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။




















