မန္တလေး မေ ၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး နိုင်ငံရေးအခင်းအကျင်းအသစ် နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့အနာဂတ် Video Clip အား ဖွင့်လှစ်ပြသခြင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ရှင်းလင်း တင်ပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခြင်း၊ နိုင်ငံရေးအခင်းအကျင်းသစ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်တွင်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်စသည့် မဏ္ဏိုင်ကြီး(၃)ရပ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပြီး နိုင်ငံတော် အစိုးရ၊ လွှတ်တော်နှင့်ပြည်သူလူထုပူးပေါင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခု ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို ရှင်းလင်း ပြောကြားပြီး၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွား ဖြစ်ထွန်းစေရန်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မဲဆန္ဒရှင် ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားကြစေလိုကြောင်း ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌကပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအားလှည့်လည် ကြည့်ရှုခဲ့ပြီး အခမ်းအနား သို့တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။


















