လွှတ်တော်သမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူ၍ ပိုင်းခြားကျင့်သုံးလျက်ရှိပြီး ဥပဒေပြုရေးအာဏာကို ကျင့်သုံးရာ၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းထားပါသည်။ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို (၃၁.၁.၂၀၁၁) မှ (၃၁.၁.၂၀၁၆) အထိကျင်းပခဲ့ပြီး ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော်ကို (၈.၂.၂၀၁၆) မှ (၃၁.၁.၂၀၂၁) အထိ ကျင်းပခဲ့ပါသည်။

ဝန်ထမ်းဖွဲ့စည်းပုံ

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးကို မန္တလေး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၅) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ရုံး၏ ၁၇.၁.၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၇)၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၏ ၁.၄.၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၇) ဖြင့် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ရုံးကို ၁.၄.၂၀၁၇ ရက် နေ့ မှ စတင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အရာထမ်း (၁၈) ဦး၊ အမှုထမ်း (၁၀၆) ဦး၊ စုစုပေါင်း (၁၂၄) ဦးဖြင့် သီးခြားဖွဲ့စည်းခဲ့ပါသည်။

တည်နေရာအကျယ်အဝန်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဉီတည်ရှိရာ မြေနေရာ အကျယ်အဝန်းမှာ ၅.၀၀ ဧက ရှိပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀-၇၃ လမ်းကြားတွင် တည်ရှိပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဖွဲ့စည်းခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ် (၁) မြို့နယ်လျှင် (၂) ဦးကျစီ၊ (၂၈) မြို့နယ် အတွက် ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆) ဦး၊ နိုင်ငံတော် ရှိလူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ် ထားသော ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၁) ဦး၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦး၊ စုစုပေါင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၆) ဦးဖြင့် ဖွဲ့စည်းထားပါသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ကိုယ်စားလှယ် (၅၅) ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ် (၁) ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ရှမ်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (၁) ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၉) ဦး၊ စုစုပေါင်း (၇၆) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ် (၄၈) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ် (၇) ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ် (၁) ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (၁) ဦး၊ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦး၊ စုစုပေါင်း (၇၆) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။