၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄) (စတုတ္ထနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          မိမိတို့ တိုင်းဒေသကြီးလွှတ်တော် (၁/၂၀၁၄) အစည်းအဝေးဟာ ယနေ့အပါအဝင် (၄) ရက်တာ ကျင်းပခဲ့ပြီး မကြာမီပြီးစီးတော့မှာ ဖြစ်ပါတယ်။ ယခုအထူးအစည်းအဝေးမှာ လွှတ်တော်ရဲ့ ပင်မ တာဝန်အရ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ခဲ့ပြီး တိုင်းဒေသကြီးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီရင်ခံစာတို့ကို ဝေဖန်ဆွေးနွေးအကြံပေးနိုင်ခဲ့ပါတယ်။ ယနေ့ အစည်းအဝေးပြီးဆုံးချိန်အထိ ဥပဒေပေါင်း (၂၆) ခု၊ နည်းဥပဒေပေါင်း (၃) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခု ပြဋ္ဌာန်းအတည်ပြုနိုင်ခဲ့ပြီး ထိုနည်းတူမှတ်တမ်းတင်ခြင်း (၁၅) ရပ်ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများရဲ့ ကာလအလိုက် ဆောင်ရွက်အစီရင်ခံစာများကိုလည်း အပြုသဘောဆောင်ပြီး ကောင်းမွန်သော စေတနာများအခြေခံကာ ဝေဖန်ဆွေးနွေးအကြံပြုပေးခဲ့ကြပါတယ်။

          ထိုနည်းတူ မိမိတို့လွှတ်တော်များရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ လွှတ်တော်အသံ” “ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ” “ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံများကို ထင်ဟပ်စေတဲ့ မေးခွန်းပေါင်း (၁၇၄၀) ခုကို မေးမြန်းဆောင်ရွက်ခဲ့ကြပါတယ်။ အလားတူစွာ ပြည်သူတို့၏မျှော်လင့်ချက်ကို အတတ်နိုင်ဆုံး ဖော်ဆောင်ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ပြည်သူတို့ရဲ့မျှော်လင့်ချက်ကို ထင်ဟပ်သော အဆိုပေါင်း (၉၅) ခု တင်သွင်းဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှုများသည် မိမိတို့လွှတ်တော်သက်တမ်းရဲ့ သုံးနှစ်ခွဲကျော်ကာလ အတွင်း ဆောင်ရွက်နိုင်မှုများဖြစ်ပါတယ်။ ယင်းဆောင်ရွက်နိုင်မှုများသည် မိမိတို့လွှတ်တော်အနေ နဲ့ ပြည်သူတို့မျှော်လင့်ချက်ကို လွှတ်တော်ကဖော်ဆောင်ပေးရာတွင် အားရကျေနပ်ဖွယ်ဖြစ်သည် ဟု မဆိုသာသေးသည်ကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်း မိမိတို့လွှတ်တော်အနေနဲ့ အတွေ့ အကြုံများ၊ လေ့လာချက်များကို အခြေခံလျက် စိတ်ကောင်းစေတနာမှန်ဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ခဲ့တယ်လို့ မှတ်တမ်းတင်ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          မိမိတို့လွှတ်တော်အနေနဲ့ အထက်ဖော်ပြပါလုပ်ငန်းတာဝန်များသာမက ပြည်သူတစ်ရပ်လုံး နှင့်လည်း ဆက်နွယ်လျက်ရှိတဲ့ တိုင်းပြည်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံဖြစ်ပေါ်လာရေးကိုလည်း ပါဝင်ဖော်ဆောင်ရန် တာဝန်လည်းရှိပါတယ်။ ပြည်သူ များနှင့်အတူ ပြည်သူ့ကိုယ်စားလှယ်ပီပီ ယင်းတာဝန်များကို အလေးထားလျက် ကြိုးစားဖော် ဆောင်ကြရမှာဖြစ်ကြောင်းကိုလည်း အလေးထားတိုက်တွန်း နှိုးဆော်လိုပါတယ်။

          ထို့အပြင်ဒီမိုကရေစီထွန်းကားရေးနှင့်စပ်လျဉ်း၍ ဒီမိုကရေစီကျင့်စဉ်တရားများကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှသာ ဒီမိုကရေစီယဉ်ကျေးမှု ပီပြင်ထွန်းကားလာမှာ ဖြစ်ပါတယ်။ ပြည်သူ တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းသာမက ပြည်သူတစ်ရပ်လုံးရဲ့ နယ်ပယ်အတွင်းမှာလည်း မတူညီတဲ့အခြေအနေအမျိုးမျိုးမှာ မတူညီတဲ့အယူအဆ သဘောထားများ တည်ရှိနေမှာ ဖြစ်ပါ တယ်။ ယင်းမတူကွဲပြားမှုများကို ယခင်လွှတ်တော် အစည်းအဝေးပြီးဆုံးချိန်မှာ မိမိတင်ပြခဲ့တဲ့

(၁) သည်းခံခြင်းတရားကိုအခြေခံလျက် (၂) ပူးပေါင်းဆောင်ရွက်ခြင်း (၃) အပေးအယူမျှတစွာ ခွဲခြမ်းစိတ်ဖြာပြီး ဆောင်ရွက်နိုင်ခြင်းစတဲ့အချက် (၃) ခုကို လက်ကိုင်ထားကျင့်သုံးနိုင်ပါလျှင် ဒီမိုကရေစီယဉ်ကျေးမှုအသီးအပွင့်ဟာ ရှင်သန်ထွန်းကားလာမှာဖြစ်ပါတယ်။ ဒီမိုကရေစီယဉ်ကျေး မှုကို ပိုမိုဖော်ဆောင်ကျင့်သုံးကြမယ်ဆိုရင် စစ်မှန်သောစည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်ရေးလမ်းကြောင်းကို မိမိတို့ချဉ်းကပ်လျှောက်လမ်းနိုင်မယ်လို့ ယုံကြည်ပါကြောင်း တင်ပြလို ပါတယ်။ မိမိတို့လွှတ်တော်အတွင်းမှာလည်း ဖော်ပြပါအချက်များကို ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြပြောကြားလိုပါတယ်။ ကျန်ရှိတဲ့ လွှတ်တော်သက်တမ်း (၁) နှစ်ခွဲ အတွင်းမှာလည်း မိမိတို့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းနဲ့ လွှတ်တော်တစ်ခုလုံးက ဥပဒေနှင့် အညီ ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားရေးကို ပိုမိုတိုးတက်တည်ဆောက်ကြနိုင်ရေးကိုလည်း တင်ပြလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          နိဂုံးချုပ်အနေနဲ့ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့လွှတ်တော်တာဝန်၊ လွှတ်တော် ရေးရာကော်မတီတာဝန်များကို ထမ်းဆောင်ရင်း ပြည်သူ့အကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကျန်းမာ ချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် နိဂုံးချုပ်အပ်ပါသည်။