၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ယနေ့ကျင်းပတဲ့ လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၄) သို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ကောင်းကျိုးလိုအင် ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သ ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          မိမိတို့လွှတ်တော်ရဲ့ နဝမပုံမှန်အစည်းအဝေးကို ပြီးခဲ့တဲ့မတ်လ (၃၁) ရက်နေ့က ကျင်းပ ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ယခု (၃) လကျော်ကာလမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပဆောင်ရွက် ခြင်း ဖြစ်ပါတယ်။ ယခုလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးနိုင်ရန်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို လွှတ်တော်မှာ လေ့လာဆွေးနွေးအကြံပေးနိုင်ရန် စီစဉ်ထားရှိပါ တယ်။ ထို့အပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပေးပို့ထားတဲ့ မေးခွန်း (၉၇) ခုကို မေးမြန်းဖြေကြားရန်ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ဥပဒေပြုတာဝန်ကို ပေးအပ်ခြင်းခံရတဲ့ မိမိတို့လွှတ်တော်အဖွဲ့အစည်းများအနေနဲ့ ဥပဒေ ပြုရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန် အထူးလိုအပ်ပါတယ်။ မိမိတို့ တိုင်းဒေသကြီး လွှတ်တော်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၈၈) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၂) တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဥပဒေပြုခွင့်ရှိကြောင်း ပြဋ္ဌာန်း ထားရှိပါတယ်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ လွှတ်တော်သည် ပြီးခဲ့သည့် နဝမအကြိမ်အထိ ဥပဒေပေါင်း (၂၅) ခု၊ နည်းဥပဒေပေါင်း (၃) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခုကို ပြဋ္ဌာန်းအတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

          ဥပဒေကြမ်းတင်သွင်းခွင့်နှင့်စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၉၀) ပုဒ်မခွဲ (က) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများသည် ဇယား (၂) ဥပဒေပြု စာရင်းပါကိစ္စရပ်များအနက် မိမိတို့စီမံခန့်ခွဲသည့်ကိစ္စများနှင့် စပ်လျဉ်းသောကိစ္စများကို သတ်မှတ် ထားသည့်နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့် ရှိသည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။ ယင်းပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် တင်သွင်းလာခဲ့ပါတယ်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၈ (ခ) နှင့်အညီ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို တင်သွင်းလာရာမှာ မိမိတို့လွှတ်တော်အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅ (စ) အရ ဆွေးနွေးအကြံပြုမှတ်တမ်းတင်ရန် တာဝန်ရှိပါသည်။

          ဥပဒေပြုရေး နှင့်စပ်လျဉ်း၍ ဥပဒေပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ဖြစ်တဲ့ ပုဒ်မ ၁၈၈ ကို အခြေခံပြီး ပုဒ်မ ၁၈၉ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ ပုဒ်မ ၁၉၈ (က) နှင့် (ခ)၊ ပုဒ်မ ၄၄၆ နှင့် ၄၄၇ ပါ ပြဋ္ဌာန်းချက်များကို လေ့လာသုံးသပ်ဆင်ခြင်စဉ်းစားလျက် တည့်မတ်စွာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          မိမိတို့လွှတ်တော်အနေဖြင့် ပြီးခဲ့တဲ့နဝမအကြိမ်လွှတ်တော်အထိ ရေးဆွဲပြဋ္ဌာန်းရန် အတည် ပြုထားပြီး ဖြစ်သော်လည်း ပြဋ္ဌာန်းရန်ရှိသောဥပဒေများ ကျန်ရှိဆဲဖြစ်ပါတယ်။ ၎င်းတို့မှာ –

(က)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဥပဒေ

(ခ)     အသေးစားငွေချေးလုပ်ငန်း ဥပဒေ

(ဂ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြား နည်းဖြင့်ဆောင်ရွက်ခြင်း ဥပဒေ

(ဃ)    ကျေးလက်လမ်းများ ဥပဒေ

(င)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် အလတ်စား၊ အသေးစား လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ဥပဒေများ ဖြစ်ပါတယ်။

ဖော်ပြပါဥပဒေများကိုလည်း ဒသမပုံမှန်အစည်းအဝေးအမီ ပြီးစီးအောင် မိမိတို့လွှတ်တော် က ကြိုးစားဖြည့်ဆည်း ရေးဆွဲအတည်ပြုနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများအပေါ် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရေးကို ကြိုးစားကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

နိဂုံးချုပ်အနေနှင့် မိမိတို့လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်များကို ထမ်းရွက်ကြရာမှာ ဆင်ခြင်တုံတရားကို အခြေခံ၍ တိုင်းဒေသကြီးနဲ့ ပြည်သူများကို အကျိုးပြုတဲ့ ဥပဒေများဖြစ်ရေး၊ ဥပဒေနှင့်ညီညွတ်ရေးကို သတိချပ်လျက် ဥပဒေပြုတာဝန်ကို ကျေပွန်အောင် ဦးစားပေးအလေးထား ထမ်းဆောင်နိုင်ကြဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။