၂၀၁၂ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၂)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ယနေ့ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေး (၁/၂၀၁၂) သို့ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ထို့အတူ ယခုလို လွှတ်တော်ကိုယ်စားလှယ်များ ကျန်းကျန်းမာမာနဲ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက် လာကြတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ထပ်လောင်းပြောကြား လိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ယခုအခါ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၁)နှစ်(၃) လသက်တမ်းကာလမှာ ပုံမှန် အစည်း အဝေး (၃) ကြိမ်နှင့် ယခု အစည်းအဝေးအပါအဝင် အထူးအစည်းအဝေး (၂) ကြိမ်၊ စုစုပေါင်း အစည်း အဝေး (၅)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ မိမိတို့လွှတ်တော်များရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ဥပဒေပြု ခြင်းလုပ်ငန်းများကိုလည်း ပြီးခဲ့တဲ့ တတိယပုံမှန်အစည်းအဝေးမှာ စတင်၍ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ-လွှတ်တော်အသံ” “ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ” “ပြည်သူတို့ မျှော်လင့်ချက်-လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့အတိုင်း ပြည်သူ့အသံနှင့်ဆန္ဒများကို လွှတ်တော်မှာ အဆိုများ၊ မေးခွန်းများအဖြစ် အဆိုပြုမေးမြန်းတင်ပြကြပြီး လွှတ်တော်အနေနဲ့ ပြည်သူ့လိုအပ်ချက် ဖြည့် ဆည်းရေးကို စိတ်ကောင်းစေတနာမှန်များ အခြေခံလျက် လွှတ်တော် ကိုယ်စားလှယ်အသီးသီးက ကြိုးပမ်းခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များသည် မိမိနိုင်ငံ နှင့်ဒေသ၊ မိမိတို့ပြည်သူများရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မယိမ်းမယိုင်သော စိတ်ဓာတ်၊ မလျှော့သောဇွဲလုံ့လ၊ ဥဿဟတို့ဖြင့် ဆထက်ထမ်းပိုး ကြိုးစားကြရအုံး မှာလည်းဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

ယခုလို လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူရတဲ့အကြောင်းရင်းကို ကျွန်တော်အနေနဲ့ အကျဉ်းချုံး ပြီး ရှင်းလင်းတင်ပြလိုပါတယ်။

ကိုယ်စားလှယ်များခင်ဗျား –

          “၂၀၁၂ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေကြမ်း” နှင့် စပ်လျဉ်း ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၃၃ ပုဒ်မခွဲ(က) အရ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ပထမအကြိမ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးရဲ့ တတိယနေ့မှာ လွှတ်တော်သို့တင်သွင်း ခဲ့ပါတယ်။ ဆက်လက်ပြီး တတိယပုံမှန်အစည်းအဝေးရဲ့ (၁၁)ရက်မြောက်နေ့အစည်းအဝေးမှာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေး မှာ လွှတ်တော်က ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျား။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          “၂၀၁၂ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဤလွှတ်တော်က အတည်ပြုထားပြီး ပုံမှန်အားဖြင့် တစ်ဆက်တည်း နည်းဥပဒေ ၁၄၉ အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် ဖြစ်သော်လည်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်မပြုသေးသဖြင့် နည်းဥပဒေ ပုဒ်မ ၁၄၈ အရ ဤလွှတ်တော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဥပဒေကြမ်းပေးပို့ခြင်းကို ခေတ္တစောင့်ဆိုင်း၍ ပေးပို့သွားရန်ကို ဤလွှတ်တော်၏ တတိယပုံမှန်အစည်းအဝေးရဲ့ (၁၂)ရက်မြောက်နေ့ အစည်းအဝေးမှာ လွှတ်တော်ကအတည်ပြုခဲ့ပါ သဖြင့် ဥပဒေကြမ်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လွှတ်တော်မှ ပေးပို့ခြင်းမပြုသေးဘဲ စောင့်ဆိုင်း ထားရှိခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ယခုအခါမှာတော့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ(၂၈) ရက်စွဲပါ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၆)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ သို့ပါ၍ “၂၀၁၂ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်း”ကို တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်၏ဆုံးဖြတ်ချက်အရ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန်ဖြစ်သော်လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၏ ၁၄-၃-၂၀၁၂ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၁၀၀/၂၀၁၂ အရ နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခဲ့ပါသဖြင့် ယခင်ရေးဆွဲခဲ့သော ဥပဒေကြမ်းပါ ရသုံးခန့်မှန်းခြေငွေစာရင်း ထပ်မံပြင်ဆင် ဖြည့်စွက်ရန် လိုအပ်လာပါတယ်။ ယင်းသို့ အပိုထောက်ပံ့ကြေးပေးမှုကြောင့် ဖြစ်ပေါ်လာသော လိုအပ်ငွေများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဗဟိုအဖွဲ့အစည်းနှင့် ဦးစီးဌာနများအတွက် လိုငွေအား ထောက်ပံ့ငွေအဖြစ်လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်းများအတွက် လိုငွေအား ချေးငွေအဖြစ်လည်းကောင်း ပြည်ထောင်စုမှ ခွဲဝေပေးသဖြင့် လိုငွေနှင့်ရငွေများဖြစ်သော ထောက်ပံ့ ငွေ၊ ချေးငွေ တို့တွင် ပြင်ဆင်ရန်ဖြစ်လာပါတယ်။

          ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများအဖြစ်ဖော်ပြခဲ့သော မြန်မာ့စိုက်ပျိုး ရေးလုပ်ငန်းနှင့် မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတို့မှာ ဦးစီးဌာနများအဖြစ်ပြောင်းလဲသွားသဖြင့် ဥပဒေကြမ်း၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ငွေစာရင်းခေါင်းစဉ် ပြင်ဆင်သတ်မှတ်ရန်များ ဖြစ် လာပါတယ်။

          ယင်းကဲ့သို့ ထပ်မံပြင်ဆင်ဖြည့်စွက်ရန် အချက်များ ရှိလာခဲ့သည့်အတွက် ပြင်ဆင်ဖြည့်စွက် ရန် အချက်များနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၁ ဖြင့် ဆောင်ရွက်ရန်ပြဌာန်းခဲ့ပါတယ်။ ပြဌာန်းချက်မှာ “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေမှ ရရှိသည့် ဘဏ္ဍာငွေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်နှင့်အတူ တင်သွင်းလာပါက လွှတ်တော်တွင် လိုအပ်သလိုဆွေးနွေး၍ သဘောတူအတည်ပြုခြင်း၊ ငြင်းပယ်ခြင်း လျှော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်” ဟူ၍ ဖော်ပြပါရှိ ထားသည့်အတွက် ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်မှ အတည် ပြုချက်တွင် အကျူံးဝင် ပြီးဖြစ်သော တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ယခုလို လွှတ်တော်တွင် အဆုံးအဖြတ်ရယူနိုင်ရန် ယခုကဲ့သို့ အထူးအစည်းအဝေး ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ထပ်မံပြီး တင်ပြလိုတာကတော့ ဒီ “၂၀၁၂ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ လွှတ်တော်က အတည်ပြုပြီးဖြစ်သည့်အတွက် လွှတ်တော်က အတည်ပြုပြီးချက်များအပေါ် ထပ်မံ ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်ရန် မလိုအပ်တော့ပါ။ ယနေ့ လွှတ်တော်ကိုတင်သွင်းမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထပ်မံပြင်ဆင်ဖြည့်စွက်မည့် အချက်များနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက်မှာ အကျုံးဝင်ပြီးဖြစ်၍ ဤလွှတ်တော်က ထပ်မံ၍ ပြင် ဆင်ချက် ဆောင်ရွက်ရန် မသင့်တော့သည်ကို တွေ့ရှိကြရမှာဖြစ်ပါတယ်။

          သို့ပါ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇၊ ပုဒ်မခွဲ (က)အရ လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန်အချက်များ တင်ပြရန်မရှိပါက ဥပဒေကြမ်း ကိုမိမိတို့လွှတ်တော်က ဒီနေ့နေ့ချင်းအပြီး အတည်ပြုဆောင်ရွက်သွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါ တယ်။

လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ယနေ့ကျင်းပတဲ့ လွှတ်တော်ရဲ့ အထူးအစည်းအဝေးဟာ နေ့ချင်းပြီးသွားမှာဖြစ်ပါတယ်။ မိမိ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို အထူးမေတ္တာရပ်ခံမှာကြားလိုတာကတော့ မိမိတို့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံများ၊ ပြည်သူ့လိုအပ်ချက်အတွက် မိမိတို့တင်ပြဆောင်ရွက် ချက်များကို မိမိတို့ရဲ့ မဲဆန္ဒရှင်ပြည်သူများကို ပြန်လည်ရှင်းလင်းရန် တာဝန်ရှိပါတယ်။ ယင်းကဲ့သို့ တင်ပြရင်း ပြည်သူ့အသံ၊ ဆန္ဒ၊ လိုအပ်ချက်တွေမှတ်သားလျက် ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ သို့ပါ၍ ယခုလွှတ်တော်အစည်းအဝေးအပြီးတွင် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းမှုမပြုရသေး သော လွှတ်တော်ကိုယ်စားလှယ်မှ ရှင်းလင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။