၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၆) (ဒုတိယနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

မိမိတို့လွှတ်တော်ရဲ့ အရေးပေါ်အစည်းအဝေးဟာ မကြာမီ ပြီးစီးတော့မှာ ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ရွက်ခဲ့ကြတဲ့ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အနေ နဲ့ လွှတ်တော်အတွေ့အကြုံ မရှိသေးတဲ့ အခြေအနေမှ အတတ်နိုင် ဆုံးကြိုးစားဆောင်ရွက် ခဲ့ကြတဲ့အတွက် လွှတ်တော်ရဲ့ အဓိကတာဝန်များဖြစ်တဲ့ ဥပဒေ ပြုရေး၊ အပြန်အလှန် ထိန်းညှိရေးနှင့် ပြည်သူကိုယ်စားပြုဆောင်ရွက်ရေးတို့အား တာဝန် (၃)ရပ်မှာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက် နိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုလို ဆောင် ရွက်ခဲ့ကြတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းကို တိုင်းဒေသကြီး လွှတ်တော်ရဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ထိုနည်းတူ လွှတ်တော်လုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ကြတဲ့ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လွှတ်တော်ရုံးအဖွဲ့နှင့် တိုင်းဒေသကြီးနေ ပြည်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း လွှတ်တော်ကိုယ်စား မှတ်တမ်းပြု ပြောကြားလိုပါတယ်။ မိမိတို့ ပထမအကြိမ် လွှတ်တော်(၅)နှစ် သက်တမ်းဟာ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနှင့် အညီ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြီးမှာဖြစ်ပါတယ်။ အခြား တစ်ဖက်မှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၆ အရ “ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ သည် နောက်တစ်ကြိမ်လွှတ်တော်သက်တမ်း ပထမပုံမှန် အစည်းအဝေး စတင်မကျင်းပမီ အချိန်အထိ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်”ဟု ပြဋ္ဌာန်း ထားရှိတဲ့ အတွက် ဒုတိယအကြိမ်လွှတ်တော် စတင်ကျင်းပရန် ဖိတ်ကြားထားပြီးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက် မကျင်းပမီအချိန်အထိ တာဝန်ကို ဆောင်ရွက်ရန် ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကို မိမိတို့ ပထမအကြိမ် လွှတ်တော် တပ်မတော်လွှတ်တော်ကိုယ်စားလှယ် အများစုနှင့် မြို့နယ်(၂)မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက တက်ရောက်ခွင့်ရှိပါတယ်။ တက်ရောက်ခွင့်ရှိတဲ့ ပထမ အကြိမ်လွှတ်တော်မှ ကိုယ်စားလှယ် များနှင့်အတူ ဒုတိယအကြိမ်လွှတ်တော်ကိုယ်စားလှယ် များအားလုံးကိုလည်း ဤလွှတ်တော်မှာ ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ဤလွှတ်တော်ရဲ့ ကိုယ်စားပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေဖြင့် ယခုတက်ရောက်ကြပါသော ဤ လွှတ်တော်ကိုယ်စားလှယ် ပထမအကြိမ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ကျန်မတက် ရောက်ကြပါသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး တိုင်ပြည်အကျိုး၊ တိုင်းဒေသကြီးအကျိုးကို ကျရာကဏ္ဍမှ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။