လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ…
ဒီနေ့ဟာ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်း အဝေး ကျင်းပပြီးစီးတော့မည့် နေ့ရက်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုပါလျှင် မိမိတို့ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရဲ့ သက်တမ်း (၅) နှစ်တာ ကာလအတွင်း နောက်ဆုံးကျင်းပသော အစည်းအဝေးရဲ့ အပြီးသတ်ရက်လည်း ဖြစ်ပါသည်။
သို့ပါ၍ အစည်းအဝေးမပြီးဆုံးမီမှာ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းကာလ ဆောင်ရွက်ချက်များကို ပြန်လည်သတိရ မှတ်တမ်းပြုနိုင်ရန် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်မှတ်တမ်းမှ အကျဉ်းချုပ်ပြီး ကောက်နှုတ်ဖော်ပြလိုပါတယ်။ မိမိတို့ လွှတ်တော် သက်တမ်း (၅) နှစ်အတွင်း ပုံမှန်အစည်းအဝေး (၁၄)ကြိမ်၊ အထူးအစည်းအဝေး (၃)ကြိမ်၊ ကျင်းပခဲ့ပြီး လွှတ်တော်သည် ဥပဒေပြုရေး၊ ပြည်သူ့ကိုယ်စားပြုရေး၊ အပြန်အလှန်ထိန်းညှိရေး လုပ်ငန်းတာဝန် များကို ဂရုပြုအလေးအနက်ထား ဆောင်ရွက်ခဲ့ကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
ဥပဒေပြုရေးတာဝန်အနေနဲ့ နှစ်စဉ်ဒေသန္တရ စီမံကိန်းဥပဒေနှင့် အရအသုံးငွေစာရင်းဆိုင်ရာ ဥပဒေများ အပါအဝင် ဥပဒေ (၃၄)ခု၊ နည်းဥပဒေ (၄၀)ခု၊ လုပ်ထုံးလုပ်နည်း (၃)ခုကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ ထိုဥပဒေများအနက် မန္တလေးမြို့တော်နှင့် မြို့နယ်စည်ပင်သာယာရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ခဲ့မှုကြောင့် စည်ပင်သာယာရေး ကော်မတီများသည် သက်ဆိုင်ရာ ဒေသများမှာ တာဝန်များ ထမ်းဆောင်လျက် ဒေသအကျိုး သယ်ပိုးနေကြပြီ ဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဆိပ်ခံများဆိုင်ရာ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ပြဋ္ဌာန်းပြီး ဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ နည်းဥပဒေ (၄၀) ခုနှင့် လုပ်ထုံးလုပ်နည်း (၃) ခုကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ သို့သော်လည်း ရေးဆွဲပြဋ္ဌာန်းပြီး ဥပဒေ (၆) ခုကိုတော့ နည်းဥပဒေ (သို့မဟုတ်) လုပ်ထုံးလုပ်နည်း ရေးဆွဲရန် ကျန်ရှိနေသေးသည်ကို တွေ့ရမှာ ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ..
ယခု ဖော်ပြခဲ့သော အခြေအနေရောက်ရှိအောင် တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အရေအတွက်နှင့် အရည်အသွေး သင့်လျော်ကောင်းမွန်စွာ ရေးဆွဲနိုင်ခဲ့ခြင်းသည် ဥပဒေကြမ်းရေးဆွဲရေးအဖွဲ့များ၊ ရေးဆွဲရေးအဖွဲ့ခေါင်းဆောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကော်မတီဝင်များ၊ ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊ ပြင်ပဝါရင့်ဥပဒေ ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်မှ ဌာနဆိုင်ရာအကြီးအကဲများရဲ့ စုစည်းညီညွတ်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အချို့ဥပဒေများတွင် ဥပဒေနှင့် သက်ဆိုင်ရာပြည်သူများ၊ အဖွဲ့အစည်း များနှင့် ထိတွေ့အကြံဉာဏ်ရယူခြင်းကြောင့်လည်း ဖြစ်ပါတယ်။ သို့ပါ၍ ဥပဒေကြမ်းများ ရေးဆွဲရာမှာ ပူးပေါင်းကူညီခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအားလုံး လွှတ်တော်ကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင်ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ထပ်မံပြောကြားလိုတာကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း (ဇယား – ၂) ကို မိမိတို့ တိုင်းဒေသကြီး လွှတ်တော်များက ဥပဒေပြဋ္ဌာန်းနိုင်ရန် သတ်မှတ်တာဝန်ပေးထားရှိပြီး ဖြစ်ပါသည်။ ယင်းဥပဒေပြု စာရင်းတွင် ကဏ္ဍ (၈) ရပ်ရှိ အကြောင်းအရာ ခေါင်းစဉ်များကို ပြဋ္ဌာန်းထားရှိပါသည်။ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ ယခု အစည်းအဝေးပြီးဆုံးချိန်အထိ ဥပဒေပြုစာရင်းမှာ အကြောင်းအရာ အားလုံးကို ပြဋ္ဌာန်းနိုင်သေးခြင်းမရှိဘဲ ကျန်ရှိမှုများကိုလည်း တွေ့ရမှာ ဖြစ်ပါသည်။ ယင်းကဲ့သို့ ကျန်ရှိမှုများ ဖြစ်ပေါ်ရခြင်းသည် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သော်လည်း ဒေသတွင်း ဥပဒေရေးဆွဲပြဋ္ဌာန်းရန် လုံလောက်ပြည့်စုံသော အခြေအနေမရောက်ရှိသေးသဖြင့် ကျန်ရှိခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် မြေယာခွန်ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာငွေများ ပြည်တွင်း၌ ထုတ်ချေးခြင်း၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခြင်း အစရှိသော ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍပါ အကြောင်းအရာများသည် ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်မှု မရှိခဲ့တာကို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ ဥပဒေနှင့်အညီ ဇယား (၅)ပါ အခွန်အခများ ဥပဒေနှင့်အညီ ကောက်ခံဆောင်ရွက်နိုင်ရေး ကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
ဆက်လက်ပြီး ပြည်သူကိုယ်စားပြုရေးနှင့် အပြန်အလှန်ထိန်းညှိရေးတာဝန်များနှင့် စပ်လျဉ်း ပြီး မိမိတို့ တိုင်းဒေသကြီးလွှတ်တော်တွင် အဆို စုစုပေါင်း (၁၀၅)ခု တင်သွင်းရာမှာ အဆို (၈၆) ခုကို အတည်ပြုနိုင်ခဲ့ပြီး အဆို (၁၈)ခုကို မှတ်တမ်းတင်ခဲ့ပါသည်။ အဆို (၁)ခုကို ရုတ်သိမ်းခဲ့ပါသည်။ ထို့အပြင် ကြယ်ပွင့်မပြမေးခွန်းများ အပါအဝင် မေးခွန်းစုစုပေါင်း (၂၆၈၁) ခု မေးမြန်းဖြေကြားနိုင်ခဲ့ ပါသည်။ ပြည်သူများက ပေးပို့သော တိုင်ကြားစာနှင့် အသနားခံစာများ ရရှိတဲ့အတွက် လေ့လာစိစစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ တိုင်ကြားစာနှင့် အသနားခံစာများအနက် အမျိုးသားလွှတ်တော်မှ (၁၄၈) စောင် ပေးပို့ခဲ့ပြီး မိမိလွှတ်တော်သို့ တိုင်ကြားလာသည့် တိုင်ကြားစာ (၂၉၇) စောင် အပါအဝင် (၄၄၅) စောင် ရရှိဆောင်ရွက်ပေးခဲ့ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
လွှတ်တော်တွင် တင်သွင်းခဲ့သော အဆိုများအနက် တိုင်းဒေသကြီး အကျိုးလွှမ်းခြုံ၍ တင်ပြ ခဲ့သော အဆိုများစွာ ပါဝင်ခဲ့ပါတယ်။ ယင်းအဆိုများအနက် အဆိုနှစ်ရပ်ကို တိုင်းဒေသကြီး၏ လိုအပ်ချက်အရ တင်သွင်းခဲ့မှုကို ထုတ်နှုတ်ဖော်ပြလိုပါတယ်။ အဆိုတစ်ခုကတော့ “မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ သောက်သုံးရေ အခက်အခဲအား အချိန်မီ စီစဉ်ဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရသို့ တင်ပြ ဆောင်ရွက်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုတင်သွင်းခဲ့မှုကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော ဆည်ငယ်၊ ကန်ငယ်များ စုစုပေါင်း (၈၉၅)ကန်ကို တူးဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် နောက် အဆိုတစ်ခုအနေနဲ့ “မိုးနည်းရပ်ဝန်း အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်ရေးနှင့် သောက်သုံးရေဖူလုံလာစေရန် လစ်လပ် နေသော မြေလွတ်မြေရိုင်းများကို အထူးစီမံချက်များ ချမှတ်နိုင်ရေး” အဆိုကို တင်သွင်းခဲ့ပြီး နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့ရာ စိုက်ပျိုးရေးသုံး အဝီစိတွင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့က တွင်းပေါင်း (၁၀၆၄၆) တွင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က တွင်းပေါင်း (၁၈၆၃) တွင်း၊ စုစုပေါင်း (၁၂၅၀၉)တွင်း တူးဖော်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
လွှတ်တော်သို့ မေးခွန်းမေးမြန်းရာမှာ ကြယ်ပွင့်ပြ မေးခွန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းများ ဖြစ်သော တရားလွှတ်တော်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်များက ဖြေကြားမှုများ ရှိသကဲ့သို့ အထူးသဖြင့် ဝန်ကြီးဌာန (၉)ခုက ဖြေကြားခဲ့ပါတယ်။ မေးမြန်းရာမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနက မေးခွန်း (၆၃၈)ခု၊ လူမှုရေးဝန်ကြီးဌာနမှ (၅၁၃)ခု၊ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ (၄၈၅)ခု တို့ဖြင့် အများဆုံး ဖြေကြားခဲ့ပါသည်။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ မေးခွန်း (၁၃၂)ခု၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မေးခွန်း (၁၂၆) ခု၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာနမှ မေးခွန်း (၁၃၂) ခုနှင့် ဒုတိယအများဆုံး ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ ဖြေကြားချက်များအပေါ် ဆောင်ရွက်ရန် ကျန်ရှိမှု အနည်းငယ် ရှိပါတယ်။ တိုင်းဒေသကြီး အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ဆောင်ရွက်ရန် ကျန်ရှိမှုများကို ကျန်ရှိတဲ့ကာလမှာ အတတ်နိုင်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန် ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
မိမိတို့လွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ရုံးအဖွဲ့ ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းရည် အရည်အသွေးမြင့်မားစေရန်အတွက် တိုင်းဒေသကြီးလွှတ်တော် အစီအစဉ်ဖြင့် လည်းကောင်း၊ UNDP အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းများ၏ ပါဝင်ကူညီဆောင်ရွက်မှုဖြင့် လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လျက် ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကွန်ဂရက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လာအို ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အိန္ဒိယ သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌများရဲ့ ချစ်ကြည်ရေး ခရီးစဉ်များကို ကြိုဆိုတွေ့ဆုံ ဆောင်ရွက်ခဲ့ပါတယ်။ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ သံတမန်အချို့ကိုလည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။ မိမိလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဩစတေးလျနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများသို့ အဖွဲ့လိုက်အနေဖြင့် လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
မိမိတို့လွှတ်တော်အနေနဲ့ ဆောင်ရွက်ချက်များအပေါ် ပြန်လည် သုံးသပ်ကြည့်ရှုပါက ပြည်သူ့ ကိုယ်စားပြုရေးနှင့် အပြန်အလှန်ထိန်းညှိရေးတာဝန်များကို ထမ်းဆောင်ရာတွင် လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သော “ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည်နှင့်အညီ အဆိုများ တင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်းဖြင့် ပြည်သူ့ကိုယ်စား ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးဖွဲ့အကြား အပြန်အလှန် ထိန်းညှိ ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြို့ပြနှင့် ကျေးလက်စည်ပင်သာယာရေး လုပ်ငန်းများအပါအဝင် ပြည်သူ များ၏ လူမှုစီးပွားဘဝ မြင့်လာရေးကို အထောက်အကူပြုနိုင်ခဲ့သည်ကို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
မိမိတို့နိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရာတွင် ငါးနှစ်တစ်ကြိမ် ပုံမှန်ဆောင်ရွက်ရမည့် ၂၀၁၅ ခု၊ အထွေထွေရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပပြီးစီးပြီး ဖြစ်ပါတယ်။ ဖြစ်ပေါ်လာမည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကို မိမိတို့ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ စိတ်ကောင်းစေတနာမွန်ဖြင့် ကြိုဆိုကြရမှာ ဖြစ်သလို၊ လွှတ်တော်လုပ်ငန်းများ ဆက်လက်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် မိမိတို တိုင်းဒေသကြီး ပြည်သူများရဲ့ အကျိုးကို စဉ်ဆက်မပြတ် သယ်ပိုးနိုင်ရန်အတွက် မိမိတို့အနေနဲ့ ဒုတိယအကြိမ် လွှတ်တော်ကို ကျရာကဏ္ဍမှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ကြရမှာ ဖြစ်ပါသည်။
ဒုတိယအကြိမ် လွှတ်တော်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ လွှတ်တော်အနေနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များရဲ့ ဥပဒေနှင့် နည်းဥပဒေများ နှင့်အတူ တိုင်းဒေသကြီးလွှတ်တော် လက်စွဲနှင့် တိုင်းဒေသကြီးလွှတ်တော် ဆောင်ရွက်ချက် မှတ်တမ်းများကို ကြိုတင်ပြုစုလျက် လွှတ်တော်လုပ်ငန်းများ ချောမွေ့စွာ ဆက်လက်ဆောင်ရွက် နိုင်ရေးကို မိမိတို့ လွှတ်တော်အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း အသိပေးပြောကြား လိုပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား ..
ယခု အစည်းအဝေးမှာ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဆောင်ရွက်မှုမှတ်တမ်း အကျဉ်း ချုပ်နှင့် နောင်ပေါ်ပေါက်လာမည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့မှုကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ တိုင်းဒေသကြီးနေ ပြည်သူများရဲ့ မျှော်လင့်ချက်ကို လွှတ်တော်က အတတ်နိုင်ဆုံး တတ်စွမ်းသမျှ ကြိုးစားဖြည့်ဆည်းပေးခဲ့ပြီး လွှတ်တော်ရဲ့ ပင်မတာဝန်များဖြစ်တဲ့ ဥပဒေပြုရေး၊ ပြည်သူကိုယ်စားပြုရေး၊ အပြန်အလှန်ထိန်းညှိရေး တာဝန်များကိုလည်း အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် တစ်ဆက်တည်း မိမိတို့လွှတ်တော်အား အကူအညီပေးခဲ့သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ လွှတ်တော်ရုံးအကြီးအကဲများနှင့် ဝန်ထမ်း များကို လွှတ်တော်ရဲ့ကိုယ်စား အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါ သည်။
နိဂုံးချုပ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အားလုံး ကောင်းကျိုးလိုအင်ဆန္ဒ များ ပြည့်ဝကြပါစေကြောင်း၊ နိုင်ငံတော်အကျိုးကို ကျရာနေရာမှာ ဆထက်ထမ်းပိုးသယ်ပိုးနိုင်ကြ ပါစေကြောင်းနှင့် ကျန်းမာချမ်းသာကြပါစေကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်ပါသည်။