လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
ယနေ့ ကျင်းပပြုလုပ်တဲ့ (၁၄) ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးကို တက်ရောက် လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကာယသုခ၊ စိတ္တသုခ၊ နှစ်ဖြာသော သုခနှင့် ပြည့်စုံကြပါစေကြောင်း ဆန္ဒပြုလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
ယခု ကျင်းပလျက်ရှိတဲ့ လွှတ်တော်ရဲ့ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃) လ ကျော်မှာ ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ ပထမအကြိမ် လွှတ်တော်များရဲ့ သက်တမ်းဟာ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ပြီးမြောက်ကုန်လွန်တော့မှာ ဖြစ်တဲ့အတွက် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးကျင်းပတဲ့ ပုံမှန်အစည်းအဝေးလည်း ဖြစ်ပါတယ်။ မိမိတို့ လွှတ်တော်အနေနဲ့ လက်ရှိကာလသည် လွှတ်တော်ရဲ့ လုပ်ငန်းလက်ကျန်များကို စနစ်တကျ ပြီးစီးနိုင်ဖို့ စီစဉ်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
မိမိတို့ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ပြီးခဲ့တဲ့ အစည်းအဝေး ပြီးဆုံးချိန်အထိ ဥပဒေကြမ်း (၄၂)ခု၊ နည်းဥပဒေ (၃၈)ခု၊ လုပ်ထုံးလုပ်နည်း (၃)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၂၁၄၃)ခုနှင့် အဆို (၁၀၅)ခုတို့ကို တင်သွင်းပြဋ္ဌာန်း မေးမြန်းဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ထိုနည်းတူစွာ ပြည်သူများက တိုင်ကြားတင်ပြခဲ့ကြတဲ့ တိုင်ကြားစာ၊ မေးမြန်းစုံစမ်းခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်စပ်ပေးပို့ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ကြရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းမှာရှိတဲ့ ကဏ္ဍအလိုက် ခေါင်းစီးများနှင့် စပ်လျဉ်းပြီး အတတ်နိုင်ဆုံး ရေးဆွဲပြဋ္ဌာန်းခဲ့ သော်လည်း အချို့သော ခေါင်းစဉ်များအတွက် ရေးဆွဲပြဋ္ဌာန်းရန် ကျန်ရှိနေခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြဋ္ဌာန်းရန် ဥပဒေများ ကျန်ရှိမှုတွေထဲက အချို့ဥပဒေများဟာ အချိန်အခါ၊ အခြေအနေ အရ ရေးဆွဲပြဋ္ဌာန်းဖို့ စောင့်ဆိုင်းနေရတဲ့ ဥပဒေများလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မြေယာခွန် ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ ထုတ်ချေး ခြင်း ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခြင်း ဥပဒေများ အစရှိသည့် ဥပဒေများသည် ရေးဆွဲပြဋ္ဌာန်းရန်အတွက် အခြေအနေပေးမှု ပြည့်စုံရန် အတွက် အချိန်အခါ စောင့်ဆိုင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
မိမိတို့ လွှတ်တော်အနေနဲ့ ဥပဒေပြုရေး အပါအဝင် လွှတ်တော်လုပ်ငန်းများ ပီပြင်ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန် လွှတ်တော်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်ကော်မတီ များ အနေဖြင့် ဆက်စပ်နေတဲ့ ဥပဒေပြုခေါင်းစဉ်များကို ဥပဒေကြမ်းကော်မတီ၊ ဥပဒေနှင့် အထူး ကိစ္စရပ်များဆိုင်ရာ အကြံပေး ကော်မတီနှင့်အတူ ဥပဒေကြမ်းနှင့် သက်ဆိုင်ရာ ဝန်ကြီးများ ဦးဆောင်တဲ့ ဥပဒေကြမ်းရေးဆွဲရေး ကော်မတီမှာ ပါဝင်ပြီး ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရေးဆွဲရာမှာ ဥပဒေပညာရှင်များ၊ သက်ဆိုင်တဲ့ ဌာနဆိုင်ရာများလည်း ပါဝင်လျက် အောင်မြင်အောင် ရေးဆွဲကာ လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခုကဲ့သို့ ဥပဒေကြမ်းများ ရေးဆွဲရာတွင် ဆောင်ရွက်ပေးခဲ့ကြတဲ့ ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီများ၊ လွှတ်တော် ရေးရာ ကော်မတီဝင်များ၊ ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ အရာရှိများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် လွှတ်တော်လုပ်ငန်း ကိစ္စအဝဝကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ ကြတဲ့ လွှတ်တော်ရုံးအကြီးအကဲနှင့် ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
ထို့အပြင် မိမိတို့ လွှတ်တော်သက်တမ်းကာလအတွင်းမှာ လွှတ်တော်လုပ်ငန်း အရည်အသွေး မြင့်တက်လာဖို့အတွက် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကိုလည်း ကျင်းပခဲ့ပါတယ်။ ယခုကဲ့သို့ ကျင်းပရာမှာ ကူညီဖြည့်ဆည်းပေးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ နှင့် ဌာနများမှ တာဝန်ရှိ အကြီးအကဲများ UNDP အဖွဲ့အစည်း အပါအဝင် ကူညီခဲ့ကြတဲ့ ပုဂ္ဂိုလ်များ အားလုံးအား မိမိတို့ လွှတ်တော်အနေနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း၍ မှတ်တမ်းတင် ပြောကြားလိုပါတယ်။
လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား –
ယခုကျင်းပတဲ့ လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မိမိတို့ တိုင်းဒေသကြီးရဲ့ ၂၀၁၆ – ၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းရန် အဆိုပြုချက်များ၊ ၂၀၁၆ – ၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းငွေစာရင်း လျာထားချက်များကို ဝေဖန်သုံးသပ်လျက် ပြည်ထောင်စု အဆင့်သို့ တင်ပြပေးရန် ရှိပါတယ်။ ထို့အပြင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများရဲ့ လက်ရှိ ၂၀၁၅ – ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်ရဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းကို အတည်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်ဖို့ ရှိပါတယ်။ ထို့အပြင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက် အစီရင်ခံစာ များကိုလည်း ဝေဖန်ဆွေးနွေး အကြံပေးလျက် မှတ်တမ်းတင်ရန် ရှိပါတယ်။ မိမိတို့ တိုင်းဒေသကြီး လွှတ်တော်အနေနဲ့လည်း မိမိတို့ လွှတ်တော်ရဲ့ ငါးနှစ်တာဆောင်ရွက်ချက်များ၊ မိမိတို့ လွှတ်တော် အတွက် လွှတ်တော်က ဆောင်ရွက်ရမည့် မဟာဗျူဟာ စီမံကိန်း၊ လွှတ်တော် လက်စွဲများ၊ လွှတ်တော် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းများကိုလည်း တင်ပြသွားကြဖို့ ရှိပါတယ်။ ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းထားတဲ့ မေးခွန်း (၅၉) ခုအနက် နှုတ်ဖြင့် မေးမြန်းဖြေကြားရန် မေးခွန်း (၅) ခုကိုလည်း မေးမြန်းဖြေကြားသွားရန် ရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
မိမိတို့ လွှတ်တော်အနေနဲ့ လွှတ်တော်သက်တမ်း (၅) နှစ်အတွင်းမှာ အဓိကဖြစ်တဲ့ ဥပဒေ ပြုခြင်းတာဝန်၊ မဏ္ဍိုင်များအကြား အပြန်အလှန် ထိန်းညှိဆောင်ရွက်ခြင်း တာဝန်များ အပြင် ပြည်သူများနှင့် ဆက်စပ်လျက် လွှတ်တော်ရဲ့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည်နှင့် အညီ ပြည်သူများနှင့် ထိတွေ့လျက် ပြည်သူ့ဆန္ဒများကို လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ယခုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ အဓိကထား ဆောင်ရွက်ကြရမည့် ဒေသန္တရ စီမံကိန်းဆိုင်ရာ အဆိုပြုချက်များ၊ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အဆိုပြုချက် များနှင့် ယခုနှစ်ရဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းဆိုင်ရာ ဥပဒေတို့ကို ဝေဖန်ဆွေးနွေး အကြံပြုလျက် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။