အားလုံးမင်္ဂလာပါ –
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ နိုင်ငံတော်အစိုးရရဲ့ အရေးကြီးတဲ့ ဒီမိုကရေစီ အုတ်မြစ် ချ ပြောင်းလဲတဲ့အခါ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း နိုင်ငံတော် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ပထမဦးဆုံးသော တိုင်းဒေသကြီးအစိုးရ ဖြစ်လာပါတယ်။ အစိုးရအဖွဲ့ ပုံသဏ္ဍာန် ပြောင်းလဲမှုနှင့်အတူ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းဆောင်တာ များစွာနဲ့ အစပျိုးဆောင်ရွက်ခဲ့ကြရပါတယ်။
ပထမဦးစွာ လွှတ်တော်နဲ့ပတ်သက်ပြီး ဆက်စပ်ဆောင်ရွက်ခဲ့သည်များကို တင်ပြလိုပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ရဲ့ ပထမအကြိမ် သက်တမ်းအတွင်းမှာ အထူး အစည်းအဝေး (၃)ကြိမ်၊ ပုံမှန်အစည်းအဝေး (၁၃)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်ဖြစ်တဲ့ အဆို (၁၀၅)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၂၁၄၃)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၄၈၇)ခု မေးမြန်းဖြေကြားမှု ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက တိုင်းဒေသကြီး အတွက် လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် အသေးစိတ် ဆွေးနွေးကြပြီး ဥပဒေ (၄၂)ခု ရေးဆွဲပြဋ္ဌာန်း ပေးနိုင်ခဲ့ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးဌာနတွေကလည်းပဲ နည်းဥပဒေ (၃၈)ခု ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အလားတူပဲ ပြည်သူ့လွှတ်တော် အစည်းအဝေးများမှာ ကိုယ်စားလှယ်များ မေးမြန်းခဲ့တဲ့ အဆို (၁၁)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၂၃)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၈၂)ခုနဲ့ အမျိုးသားလွှတ်တော်မှာ အဆို (၆)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၃၅)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၂၇) ခုတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဖြေကြားရမယ့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနဲ့ ပေါင်းစပ်၍ သော်လည်းကောင်း ဖြေကြားဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ဦးစွာ ရှင်းလင်းပြောကြား လိုပါတယ်။
နိုင်ငံရေးစနစ်တစ်ခု ပြောင်းလဲတဲ့အခါမှာ ထိုနိုင်ငံအတွက် တည်ငြိမ်အေးချမ်းရေးဟာ အရေး အကြီးဆုံး ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေရေးအတွက် လိုအပ်တဲ့အစီအမံများကို ဦးစားပေးစီစဉ် ဆောင်ရွက် ခဲ့ပါတယ်။ ထိုအစီအမံများ ရှိခဲ့လို့လည်းပဲ ပုဂ္ဂိုလ်ရေးအစပျိုးပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဆောင်တဲ့ မိတ္ထီလာနဲ့မန္တလေး ဖြစ်စဉ်ဖြစ်ရပ်များမှာ ဥပဒေနဲ့အညီ အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မိမိတို့အစိုးရအဖွဲ့ သက်တမ်းကာလအတွင်းမှာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြစ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများဟာ ဒီမိုကရေစီနိုင်ငံ စတင်ထူထောင်တဲ့ နေရာမှာ အရေးပါသော ပြောင်းလဲမှုများ ဖြစ်ခဲ့တာနဲ့အညီ ပြောင်းလဲမှုများနဲ့ လိုက်လျောညီထွေ ရှိစေတဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေဟာလည်း အရေးကြီးတဲ့အတွက် အထူးဂရုပြု ကြိုးစား ဆောင်ရွက်ခဲ့ကြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
မန္တလေးတိုင်းဒေသကြီးရဲ့ ပထဝီဝင် အနေအထားအရ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ လူထု လူမှုစီးပွားဘဝ တိုးတက်ရေးများ အကောင်အထည်ဖော်ဖို့ စီစဉ်တဲ့နေရာမှာ လတ်တလော ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်များ၊ ရေရှည်ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်များကို သုံးသပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များဟာ အမြန်ဆုံး အကောင်အထည်ဖော်ပေးရမယ့် လုပ်ငန်းစဉ် များ ဖြစ်တာ နဲ့ အညီ နှစ်စဉ်စီမံကိန်းများမှာ ထည့်သွင်းလျာထား အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။ လွန်စွာ ထိရောက်အကျိုးရှိခဲ့သော လုပ်ငန်းစဉ် ဖြစ်ပါသည်။ ဒီကနေ့ ကျေးလက်ဒေသများ မည်မျှအထိ ပြောင်းလဲတိုးတက်မှု ရှိသွားပြီဆိုတာ မျက်မြင်အားဖြင့် မြင်နိုင်ကြပြီ ဖြစ်ပါတယ်။
မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးဌာန ဖွဲ့စည်းမှု ထပ်မံတိုးလာ၍ လွန်စွာ ထိရောက်မှုရှိသော ဌာနမှာ ကျေးလက်ဦးစီးဌာနပင် ဖြစ်ပါတယ်။ ယခင် စည်ပင် သာယာရေးလုပ်ငန်းများကိုကျေးလက်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လိုက်ခြင်းမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးကို အလျင်အမြန် အကျိုးပြုခဲ့ပါတယ်။ ကျေးလက် လမ်း/တံတား၊ မီးလင်း ရေး၊ ရေ ရရှိရေး လုပ်ငန်းများမှာ အဓိက လိုအပ်ချက်ဖြစ်၍ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ ထို့အပြင် မြစိမ်းရောင် စီမံကိန်းမှာ ကျေးလက်နေ ပြည်သူလူထု၏ လိုအပ်ချက်ကို ၎င်းတို့အချင်းချင်း ညှိနှိုင်း တိုင်ပင် ဆောင်ရွက်ခွင့်ရခြင်းဖြစ်၍ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးမှု တွဲဖက် အကျိုးရှိစေပါတယ်။ ယခု မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း (၃၆၂)ရွာတွင် မြစိမ်းရောင် စီမံကိန်း အကောင် အထည် ဖော်ထားပါတယ်။
တိုင်းဒေသကြီးရဲ့ ရေတို အလျင်မြန် အကောင်အထည်ဖော်ပေးခဲ့သည့် လုပ်ငန်းရပ်များတွင် စိုက်ပျိုး ရေ လုံလောက်စွာ ရရှိရေးအတွက် ရေကန်များ တူးဖော်ပေးခြင်း၊ စိုက်ပျိုးရေးသုံး ရေတွင်းများ တူးဖော် ပေးခြင်း၊ ဆည်ရေပေးမြောင်းများ ပြုပြင်ဆောင်ရွက်ပေးခြင်းများကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ တွင် အကျိုးကျေးဇူးများစွာ ရှိခဲ့ပါတယ်။ ရေကန်များ တူးဖော်ပေးခဲ့ခြင်းများတွင် ရှေးမြန်မာမင်းများ လက်ထက် တူးဖော်ခဲ့သော ဆည်ကန်များ အပါအဝင် တူးဖော်ပေးခဲ့ခြင်း ဖြစ်ပါ တယ်။
ပညာရေးမြှင့်တင်မှု တစ်ရပ်အနေဖြင့် တိုင်းဒေသကြီးအစိုးရက စီစဉ်ပေးခဲ့သော အခြေခံပညာ အထက် တန်းသင် ဆရာ/ဆရာမများအား Teaching Knowledge Test သင်တန်းကို (၂)နှစ် ဖွင့်လှစ်ပေး နိုင်ခဲ့ပါတယ်။ မူလတန်းပြ ဆရာ/ဆရာမ (၅၃၆၄)ဦးအား ခန့်ထားပေးနိုင်ခဲ့ပါတယ်။ မူလတန်းပညာ သင်ကြားခွင့် မရရှိသေးသော ကျေးရွာများရှိ ကလေးများ ပညာသင်ကြားနိုင်ရေး မူလတန်းမှ အလယ်တန်းပညာ ဆက်လက်သင်ယူနိုင်ရေး၊ အလယ်တန်းမှ အထက်တန်းပညာ သင်ယူနိုင်ရေး အတွက် ကျောင်းများ အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေး ဝန်ကြီးဌာနတွင် မရှိသေးသည့် (၁၀)ထပ်ဆောင် တစ်ဆောင် အား အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်း ဆောက်လုပ် လှူဒါန်းပေးခဲ့ ပါတယ်။ ဓါတ်ရောင်ခြည် ကုသရေးစက် အသစ်ထပ်မံ ဖြည့်တင်းရရှိရေးကိုလည်း သီးခြားဆောင်ရွက် ပေးနိုင်ခဲ့ ပါတယ်။ မန္တလေးဆေးရုံကြီးသည် အထက်မြန်မာပြည်သူလူထု အားကိုးနိုင်သော ဆေးရုံ တစ်ရုံ အဖြစ် တည်ရှိနေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလေးထား ကူညီ ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် သတ်မှတ် လုပ်ငန်းရပ်များကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သလို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သီးခြားကူညီဆောင်ရွက်ပေးနိုင်မှုအဖြစ် ငွေကျပ်သန်းပေါင်း (၁၄၉၂၅) တန်ဖိုးရှိ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း၊ အသေးစား အိမ်တွင်းမှု လုပ်ငန်းများနှင့် လယ်ယာသုံး စက်ကိရိယာများ လုံးဝပိုင်ဆိုင်မှု မရှိသေးသော တောင်သူ (၆၃၇၂၂)ဦးတို့ ပိုင်ဆိုင်မှု ရရှိသွားခဲ့ကြပါတယ်။
တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက် ပေးခဲ့ပါ တယ်။ နိုင်ငံတကာမှ ပညာရှင်များ၊ ပြည်တွင်းပညာရှင်များအား ဖိတ်ခေါ်၍ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို Green Economic Green Growth (GEGG) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
တိုင်းဒေသကြီး အစိုးရအဖွဲ့သည် နိုင်ငံတော်က ချမှတ်ထားသော ပြည်သူ ဗဟိုပြု အုပ်ချုပ်ရေး စနစ် / ပြည်သူ ဗဟိုပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့ စတင် တာဝန်ယူသည်နှင့် ရပ်ကွက် / ကျေးရွာအုပ်စုနှင့် မြို့နယ်အဆင့်များတွင် ရပ်မိ / ရပ်ဖများ ပါဝင်သော အဖွဲ့များ ယာယီဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ခဲ့ပါတယ်။ ရပ် / ကျေး အုပ်ချုပ်ရေး မှူး များ ရွေးချယ်တာဝန်ပေးခဲ့သည့်အချိန်အထိ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ရွေးချယ်တာဝန် ပေးအပ်ချိန်အထိ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုအခါ ရပ်/ကျေး ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု အဖွဲ့၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းပါဝင် ဆောင်ရွက် လာရာ ထိုအဖွဲ့များဟာ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာပင် အထောက်အကူ ပြုခဲ့ကြပါ တယ်။ အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှု၊ ပြည်သူဗဟိုပြုစနစ်ဖြင့် အကျိုး သက်ရောက်မှုပင် ဖြစ်ပါ တယ်။
မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့များကို ပြည်သူက ရွေးချယ် သော အဖွဲ့များဖြင့် စီမံဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများ ပြုစုကာ ရွေးချယ် တင်မြှောက်ပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုအခါ ထိုကော်မတီ အသီးသီးက စည်ပင် သာယာရေး လုပ်ငန်း များ စီမံဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ထိုဆောင်ရွက်မှုများသည်လည်း ပြောင်းလဲသော ဖြစ်ပေါ် တိုးတက် မှုများ ရှိနေကြပြီး ဖြစ်ပါတယ်။
မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူတို့ တင်ပြလာသော နစ်နာဆုံးရှုံးမှု ကိစ္စရပ်များကို စနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အပိုင်း (၁) မှ (၁၅)အထိ (၁၇၂၅)စောင်၊ သီးခြားတင်ပြစာ (၃၅၃)စောင်၊ စုစုပေါင်း (၂၀၇၈)စောင် ရှိခဲ့ပါတယ်။ အစီရင်ခံစာပါ (၁၆၁၂)စောင် ဖြေရှင်းပေးနိုင်ခဲ့ပြီး စိစစ်ဆဲ (၁၁၃)စောင် ဖြစ်ပါတယ်။ သီးခြားတင်ပြစာ များတွင် (၃၁၉)စောင် ဖြေရှင်းပေးနိုင်ခဲ့ပြီး စိစစ်ဆဲ (၃၄)စောင် ဖြစ်ပါတယ်။
သိမ်းဆည်းမြေများအပေါ် တစ်စိတ်တစ်ဒေသ စွန့်လွှတ်ခြင်း (၁၄၁၃၅.၀၉၉)ဧက၊ အားလုံး စွန့်လွှတ် ခြင်း (၁၆၀၁၇.၂၆၇)ဧက၊ စုစုပေါင်း (၃၀၁၅၂.၃၆၆)ဧက စွန့်လွှတ်ပြီး ဖြစ်ပါတယ်။
ထို့အပြင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးမှုများကို ဆောင်ရွက်လျက် ရှိရာ လုပ်ကွက် ဦးပိုင်ပေါင်း (၁၇၅၇၇၃၈)အနက် (၁၇၅၇၄၉၄)အား ပုံစံ (၇) ထုတ်ပေးပြီး ဖြစ်ပါတယ်။ ပြီးစီးမှု (၉၉.၉၉%) ဖြစ်ပါတယ်။ ကျန်ရှိသော လုပ်ကွက်များမှာ မြေယာ အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိပြီး စစ်ဆေးဆဲဖြစ်၍ ကျန်ရှိနေခြင်းသာ ဖြစ်ပါတယ်။
ကျေးရွာများ မြေငှားဂရန် ရရှိရေးနှင့်ပတ်သက်၍ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိရာ မြို့နယ် (၂၃) မြို့နယ်၊ ကျေးရွာ (၂၃)ရွာ၊ ဦးပိုင် (၃၂၅၈)ခုအား မြေပုံတိုင်းတာ ဆောင်ရွက်နိုင်ခဲ့ပြီး ဦးပိုင် (၂၁၆၈)ခုကို ဂရန်ထုတ်ပေးပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့ကာလအတွင်း ရုံးလုပ်ငန်းများ လျင်မြန်သွက်လက်စေရေး အတွက် ပြည်သူ့ ဝန်ဆောင်မှုရုံး One Stop Service များကို မြို့နယ် (၂၃)မြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက် နေပြီး ကျန်မြို့နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ စုပေါင်းရုံး ဖွင့်လှစ်မှုကို စီမံဆောင်ရွက်ထားရှိရာ ယခုနှစ်တွင် ပြင်ဦးလွင်မြို့နယ်၌ စုပေါင်းရုံးတစ်ရုံးကို တည် ဆောက်ဆဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်များတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို တစ်နေရာ တည်းတွင် ဆောင်ရွက်နိုင်ရန် ဖြစ်ပြီး ပြည်သူများမှ ဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွား လာစေကာ ဝန်ဆောင်မှု အလေ့အကျင့်ကောင်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးကိုလည်း စီစဉ်ခဲ့ရာ မြို့နယ်အားလုံးတွင် အဆောက်အဦ (၂၂၃)လုံး၊ အခန်းပေါင်း (၂၀၄၄)ခန်း ဆောက်လုပ် နေရာချထား ပေးနိုင်သဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိမှု ရရှိစေခဲ့ပါတယ်။
ထို့အတူ ပြည်သူလူထုအတွက် အိမ်ရာ အစီအစဉ်များ အကောင်အထည်ဖော်ပေးလျက် ရှိရာ မန္တလေး မြို့တွင် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖြင့် အခန်း (၁၃၄၄)ခန်းအား ရောင်းချပေး နိုင်ခဲ့ပါ တယ်။ထို့အပြင်အငှားအိမ်ရာအစီအစဉ်များဆက်လက် အကောင်အထည်ဖော်လျက် ရှိရာ မန္တလေးမြို့ တွင် (၁၅၈၄)ခန်း၊ ပြင်ဦးလွင်မြို့တွင် (၃၅၂)ခန်း ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
တိုင်းဒေသကြီး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မန္တလေး တိုင်းဒေသကြီး၏ ပထဝီဝင်အရ အရေးပါလာမှုတို့အရ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ထိုစီမံကိန်းလုပ်ငန်းများကို လွှတ်တော်တွင် တင်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။ တိုင်းဒေသကြီး အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာရေး၊ ဒေသဖွံ့ဖြိုးရေး ပိုမိုဖြစ်ထွန်းမှု၊ ဒေသနေ ပြည်သူများ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာရေး၊ ဝန်ဆောင်မှု ပြည့်ဝသော စီးပွားရေးဝန်းကျင် တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းတစ်ရပ်ကို မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်တို့တွင် အကောင်အထည်ဖော်လျက် ရှိပါသည်။ စီမံကိန်းပြီးပါက ပြည်သူ (၂)သိန်းခန့် အလုပ်အကိုင်များ ရရှိမည် ဖြစ်ပါတယ်။ ထို့အပြင် တံတားဦး စီမံကိန်းတွင် ဟိုတယ်များ ပါဝင်သော မြို့ပြတစ်ခုကိုလည်း တည်ဆောက်ရန် အကြိုဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ကျောက်စိမ်းဈေးကွက်သည် မန္တလေးအခြေပြု၍ ရောင်းဝယ်မှု များပြားလျက်ရှိရာ အဆင့်မြင့် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ဈေးသစ်ကြီးကိုလည်းကောင်း၊ ကျောက်စိမ်းဥယျာဉ် စီမံကိန်း ကိုလည်းကောင်း၊ စီမံကိန်းနှစ်အလိုက် အကောင်အထည် ဖော်သွားမည်ဖြစ်ရာ ကျောက်မျက် သင်တန်းကျောင်းများ အပါအဝင်ဖြစ်၍ တိုင်းဒေသကြီး၏ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု အမှန်ရရှိ စေမည် ဖြစ်ပါသည်။
ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ အစီအစဉ်ဖြင့် ကွန်ဗင်းရှင်းစင်တာ၊ မင်္ဂလာမန္တလေး တည်ဆောက်ရေး၊ ရေတံခွန်တောင် ဂေါက်ကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကိုလည်း ဆက်လက် အကောင်အထည်ဖော်လျက်ရှိရာ စီးပွားရေး အချက်အချာကျလာမည့် အနေ အထား၊ ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေတို့အရ အကျိုးရှိစွာ အသုံးပြုနိုင်မည့် ရေရှည်စီမံကိန်းများ ဖြစ်ပါတယ်။
တိုင်းဒေသကြီးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုစေမည့် နေရောင်ခြည် စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ဝမ်းတွင်းနှင့် မြင်းခြံတို့တွင် ဆောင်ရွက် သွားမည်ဖြစ်ရာ နည်းပညာကဏ္ဍပါ တိုးတက်မှုရှိလာမည် ဖြစ်ပါသည်။
စီးပွားကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးတက်လာရေး၊ ထွက်ကုန်ပစ္စည်းများအတွက် မှန်ကန်သော ဈေးကွက် ရရှိရေး၊ အလေအလွင့် မရှိစေရေးတို့အတွက် လက်ကားဈေး Whole Sale Market တစ်ခုကို ပလိပ် အနီး အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဦးစွာပထမ ဒေသထွက် သစ်သီးဝလံများအတွက် ဈေးနှုန်းခိုင်မာမှု ဦးစွာ ရရှိစေမည် ဖြစ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများတွင် လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်မှု၊ သယ်ပို့စရိတ် သက်သာမှုနှင့် One Stop Service လုပ်ငန်း ဆောင်ရွက်နိုင်မှု တို့ကိုပါ ရည်ရွယ်လျက် ကုန်းတွင်း ကွန်တိန်နာစခန်း Dry Port တစ်ခုကိုလည်း ပလိပ်တွင် အကောင် အထည်ဖော်လျက် ရှိပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ မန္တလေးမြို့တော်အား ယဉ်ကျေးမှုမြို့တော်အဖြစ် ထိန်းသိမ်း ဆောင်ရွက်ရန်၊ တစ်ဖက်တွင်လည်း ဖွံ့ဖြိုးတိုးတက်သည့် မြို့တော်ဖြစ်ရေး Green City ဖြစ်ရေးတို့ကို မိမိအားဖြင့်လည်းကောင်း၊ ADB မှ နိုင်ငံခြားချေးငွေ အကူအညီဖြင့်လည်းကောင်း ဆောင်ရွက်လျက် ရှိပါတယ်။ ရေပေးဝေရေးစနစ် ကောင်းမွန်ရေး၊ ရေဆိုးများ စနစ်တကျ စွန့်ထုတ်ရေး၊ အမှိုက် / မိလ္လာ သိမ်းဆည်းမှုစနစ်၊ ရေမြောင်းစနစ်၊ သယ်ယူပို့ဆောင်ရေးစနစ်များအတွက် ရေတို၊ ရေရှည် အစီအစဉ်များဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ ADB အနေဖြင့် မန္တလေး မြို့ပြစီမံကိန်းများ အတွက် Towards Green Mandalay အစီရင်ခံစာကို (၅.၁၁.၂၀၁၃)ရက်နေ့တွင် တင်သွင်းချက်အရ လည်းကောင်း၊ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးချက်များ အရလည်းကောင်း မန္တလေးမြို့တော်အတွက် အကျိုးရှိလုပ်ငန်းဖြစ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
မန္တလေးမြို့၏ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်လာသည်နှင့်အမျှ နေထိုင်သူဦးရေမှာလည်း များပြား လာပါတယ်။ ထို့ကြောင့် Green City ဖြစ်ရေး ဆောင်ရွက်နေသည်နှင့် တစ်ချိန်တည်းမှာပင် စနစ်ကျ သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ကောင်းမွန်သော မြို့ပြစနစ်တစ်ခု ဖြစ်ရေးအတွက်ပါ ပညာရှင်များ ပါဝင်သော အဖွဲ့များဖြင့် အကြိမ်ကြိမ်ဆွေးနွေးလျက် ဇုန်စီမံကိန်းကို ရေးဆွဲအကောင်အထည် ဖော်လျက် ရှိပါတယ်။ ယင်းသို့ စီမံမှုကြောင့် ယဉ်ကျေးမှုနှင့် ပတ်သက်သော ကျုံး၊ နန်းတော်၊ မန္တလေး တောင်တော်တို့တွင် သမိုင်းအမွေအနှစ်များ ထိန်းသိမ်းရေး အပါအဝင် ဖွံ့ဖြိုးမှု အားပေးရမည့် ဝန်းကျင်၊ ထိန်းသိမ်းရမည့် ဝန်းကျင်၊ အထပ်မြင့် ဆောက်လုပ်ရေးဆိုင်ရာများ၊ စိမ်းလန်းဇုန်များ ပါရှိလာမည် ဖြစ်ပါတယ်။ မဖြစ်မနေ စီမံဆောင်ရွက်သင့်သည့် အစီအမံများ ဖြစ်ပါ တယ်။
ယနေ့ခေတ်ကာလသည် ခရီးသွားလာမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်အခါ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားသူများအနေဖြင့် မြန်မာနိုင်ငံရောက်လျှင် မန္တလေး / ပုဂံညောင်ဦး ရောက်မှ ပြည့်စုံသည်ဟု သဘောထားပြီး လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ပုဂံညောင်ဦး ဒေသဟာ မြန်မာနိုင်ငံသူ / နိုင်ငံသားများ အမြတ်တနိုး တန်ဖိုးထားရမည့် နေရာ၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့် နေရာ ဖြစ်ပါတယ်။ နိုင်ငံတော်က ဥပဒေများ ထုတ်ပြန်၍ ကာကွယ်ထိန်းသိမ်း ထားပါတယ်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေး ရှုထောင့်တစ်ခုတည်း စဉ်းစားလုပ်ဆောင်မှုမပြုဘဲ ဘက်စုံလေ့လာ သုံးသပ်ညှိနှိုင်း ကာကွယ်ထိန်းသိမ်းလျက် ရှိပါတယ်။
တိုင်းဒေသကြီးအစိုးရ တာဝန်ယူချိန်အတွင်း တိုင်းအတွက် ဂုဏ်ယူစရာ ကောင်းမွန်သော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ပွဲစဉ်များကို မန္တလေးတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို FIFA Women’s Olympic Football Tournament Rio 2016 Qualification Round 2 အမျိုးသမီး ဘောလုံးခြေစစ်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ ဒေသတွင်း သဘာဝဘေး ထိခိုက်လာသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်တွင် သပိတ်ကျင်း ငလျင်ဘေးဒဏ်ကြောင့် လူ ထိခိုက်သေဆုံးခြင်း၊ ရုံးအဆောက်အဦ၊ အိမ်ပျက်စီးခြင်း၊ ဘုရားနှင့် ကျောင်းများ ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့မှုကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများကို အလျင်အမြန် ဆောင်ရွက်ပေးခဲ့ ပါသည်။ ယခုအခါ ထိခိုက်ခဲ့သော အခြေအနေများ ပြုပြင်မှုပြီးသွားပြီး ပုံမှန်အနေအထားသို့ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ ထို့အပြင် ၂၀၁၄ ခုနှစ်၊ မိုးခေါင်မှုကြောင့် သီးနှံအချို့ ပျက်စီးခဲ့ခြင်းများ အပေါ် တွင်လည်း လိုအပ်သော ထွန်ယက်မှု၊ မျိုးကိစ္စများ အမြန်ဆောင်ရွက် ပေးနိုင်ခဲ့မှုကြောင့် ကြီးမားသော ဆုံးရှုံးမှု မရှိခဲ့ပါ။ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ပြင်ဦးလွင်၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များတွင် လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှုများရှိခဲ့ရာ တိုင်းဒေသကြီး အစီအစဉ်ဖြင့် အမြန်ဆုံးကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ ထို့အပြင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြင်းခြံ၊ တောင်သာနှင့် ပုဂံညောင်ဦးမြို့နယ် များတွင် ရေဘေးရှောင် အိမ်ထောင်စုများစွာ ဖြစ်ပေါ်ခဲ့၍ လိုအပ်သော စားရေးရိက္ခာထောက်ပံ့မှု၊ ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သူကောင်းတည်ကျေးရွာအား ရွာသစ်အဖြစ် နေရာပေးတည်ထောင်ခဲ့ပါတယ်။ ရေဘေးကိစ္စရပ်များ အားလုံးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ပင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
သဘာဝဘေးဒဏ်တစ်ခုအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရသည်မှာ မြစ်ကမ်းပါးပြိုမှုပင် ဖြစ်ပါ တယ်။ ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနကသာ မြစ်ကမ်းပါးပြိုမှု ကာကွယ်ထိန်းသိမ်းရေး လုပ်ခဲ့ သော်လည်း ယခုနောက်ပိုင်း တိုင်းဒေသကြီး အစိုးရက တာဝန်ယူ ထိန်းသိမ်းမှုပြုလုပ်ရာ မြစ်ကမ်းပါး ကာကွယ်ရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ တာဝန်ယူကာလ အတွင်း မြစ်ကမ်းပါး ထိန်းသိမ်းမှု (၆၄) ခု ဆောင်ရွက်နိုင်ခဲ့ပါတယ်။
တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ကြရာတွင် ဝန်ထမ်းများ သာမက စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး ဆောင်ရွက်သူများလည်း ပါဝင်ပါတယ်။ နှစ်စဉ် နိုင်ငံတော် သမ္မတ ချီးမြှင့်သော ထူးချွန်ဆုများ၊ ဂုဏ်ထူးဆောင် လက်မှတ်များကို တိုင်းဒေသကြီးအတွင်းမှ ဆိုင်ရာကဏ္ဍ အသီးသီးတွင် ဆုရရှိသူများ ထူးချွန်ဆု (၅)ဆု၊ ဂုဏ်ထူးဆောင်လက်မှတ် (၈)ခု၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် (၁၃)ဦးတို့ ရရှိခဲ့ပါတယ်။ ထို့အတူ တိုင်းဒေသကြီး၏ ဂုဏ်ထူးဆောင် ဆု ရရှိသူ (၅၉)ဦးတို့ အား ဆုများ ချီးမြှင့်နိုင်ခဲ့ရာ ဂုဏ်ပြုသင့်သူများကို ဂုဏ်ပြုခြင်းဟူသည့် မင်္ဂလာ တရားနှင့်အညီ အသိအမှတ် ပြု ချီးမြှင့်ခဲ့ပါတယ်။
တိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဘဏ္ဍာငွေအတွက် အခွန်အရပ်ရပ် ကောက်ခံရရှိမှုမှာ နှစ်စဉ်လျာထားချက်ထက် ပိုမိုရရှိခဲ့ပြီး ၂၀၁၁ – ၂၀၁၂ ခုနှစ်တွင် ကျပ် (၄၉.၈၁၇) ဘီလီယံမှ ၂၀၁၄ – ၂၀၁၅ ခုနှစ်တွင် ကျပ် (၈၂.၀၃၇) ဘီလီယံ အထိ တိုးတက်ရရှိခဲ့ပါသည်။ ၂၀၁၅ – ၂၀၁၁၆ ခုနှစ်တွင် ကျပ် (၁၂၂.၅)ဘီလီယံအထိ လျာထားပါတယ်။ ထို့အတူ တိုင်းဒေသကြီး ဘဏ္ဍာငွေသို့ အခွန်ငွေ ရရှိမှုမှာ ၂၀၁၄ – ၂၀၁၅ ခုနှစ်တွင် ကျပ် (၂၀.၆၄၂)ဘီလီယံအထိ ရရှိခဲ့ပါသည်။ အခွန်ငွေများကို သတ်မှတ်ထားသော ဥပဒေ၊ စည်းကမ်းများနှင့်အညီ ကောက်ခံလျက်ရှိပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
ကျွန်တော့်အနေနဲ့ ပြောင်းလဲဖွံ့ဖြိုးတိုးတက်မှုများကို ကဏ္ဍအလိုက် သိသာထင်ရှားစွာမြင်နိုင် အောင် ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။ ယခုနောက်ဆုံးအနေဖြင့် တိုင်းဒေသကြီး၏ စီးပွားရေးဆိုင်ရာ GDP နှင့် လူတစ်ဦးချင်း ဝင်ငွေတို့ကို ရှင်းလင်းတင်ပြသွားပါမယ်။ ပထမဆုံး နှစ်စဖြစ်သော ၂၀၁၁ – ၂၀၁၂ ခုနှစ်တွင် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်မှာ ကျပ် (၅၀၄၇၉၆၅.၆) သန်း တွင် ကျပ် (၄၈၇၉၆၇၉.၄)သန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ရည်မှန်းချက်အပေါ် (၉၆.၇%) ဆောင်ရွက်နိုင်ပါတယ်။ ယခင်နှစ်ထက် (၉.၁%)ပြောင်းလဲ တိုးတက်ခဲ့ပါတယ်။ လူတစ်ဦးချင်း ဝင်ငွေ (၈၁၇၆၄၁)ကျပ် ရှိခဲ့ပါတယ်။ ၂၀၁၂ – ၂၀၁၃ ခုနှစ်တွင် ရည်မှန်းချက် ကျပ် (၅၅၉၇၃၄၀.၀)သန်းတွင် ကျပ် (၅၂၈၈၅၀၀.၁)သန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး (၈.၄%) တိုးတက်ခဲ့ပါတယ်။ လူတစ်ဦးချင်း ဝင်ငွေ (၈၇၅၇၂၄)ကျပ် ဖြစ်ပါတယ်။ ၂၀၁၃ – ၂၀၁၄ ခုနှစ်တွင် ရည်မှန်းချက် ကျပ် (၆၁၀၉၅၀.၅)သန်း ဖြစ်ပြီး ကျပ် (၅၉၉၁၉၉၃.၇)သန်း အကောင်အထည်ဖော်နိုင်ကာ (၁၃.၃%) တိုးတက်ခဲ့ပါတယ်။ လူတစ်ဦးချင်း ဝင်ငွေ (၉၈၀၆၈၆)ကျပ် ရှိခဲ့ပါတယ်။ ၂၀၁၄ – ၂၀၁၅ ခုနှစ်တွင် ကျပ် (၆၇၈၆၀၈၅.၆) သန်း ရည်မှန်းခဲ့ပြီး ကျပ် (၆၆၄၈၇၀၃.၉)သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုးတက်မှု (၁၁%)ရှိကာ လူတစ်ဦးချင်း ဝင်ငွေ (၁၀၇၅၄၉၄)ကျပ် ရှိခဲ့ပါတယ်။ ၂၀၁၅ – ၂၀၁၆ ခုနှစ်တွင် ကျပ် (၇၅၂၂၅၀၀.၆)သန်း ရည်မှန်းထားပြီး ကျပ်(၇၅၂၂၂၃၄.၉)သန်း ရရှိမည်ဟု မျှော်မှန်းထားပါတယ်။ (၁၃.၁%) တိုးတက်ပြီး တစ်ဦးချင်း ဝင်ငွေ (၁၂၀၂၉၈၀)ကျပ် ရရှိမည်ဟု မျှော်မှန်းထားပါတယ်။ ထို့ကြောင့် တိုင်းဒေသကြီး၏ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ နှစ်စဉ်တိုးတက်လာခဲ့သလို တစ်ဦးချင်းဝင်ငွေမှာ လည်း တိုးတက်လာသည်ကို တွေ့ရှိရပါတယ်။ ဤသို့ တိုးတက်ခြင်းမှာ နိုင်ငံပိုင်ကဏ္ဍ၊ သမဝါယမ ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍအားလုံးမှ ကြိုးစားဆောင်ရွက်ကြခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ တိုင်းဒေသကြီးမှ ဆောင်ရွက်ရသည့် ကိစ္စရပ်များကို အလေးထား ဆောင်ရွက်သကဲ့သို့ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများနှင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မှုများကြောင့်လည်း လုပ်ငန်းများ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အပြင် နယ်မြေ၏ အမှန်လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အချိန်မီ တင်ပြနိုင်ခဲ့ခြင်းများကြောင့်လည်း နိုင်ငံတော်အစိုးရမှ အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုများသည် တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုရင်းမှာ ကျွန်တော်တို့ အစိုးရအဖွဲ့သည် နိုင်ငံတော်ဘဏ္ဍာငွေကို မည်သည့်နေရာ၊ မည်သည့်ကဏ္ဍတွင် မည်သို့လိုအပ်ချက်ရှိသည်ကို အောက်ခြေအထိဆင်းကာ သိရှိအောင် ဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ၊ အောက်ခြေ မှ တင်ပြချက်ကို အလေးထား ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ အစိုးရတစ်ရပ်၏ တာဝန်ဆိုသည့် သဘောထက် စိတ်ပါဝင်စားစွာဖြင့် နှစ်မြုပ်စေတနာထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ မည်သို့ ဆောင်ရွက်ပေးရမည်ဆိုသည်ကို အမြဲတမ်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြပါတယ်။
ယခုတင်ပြချက်များအရ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းမှာ အစိုးရအဖွဲ့တစ်ခု တည်း၏ စွမ်းဆောင်မှု မဟုတ်ဘဲ အဆင့်ဆင့်သော ဖွံ့ဖြိုးတိုးတက်ရေး အထာက်အကူပြု အဖွဲ့များ၊ အဆင့်ဆင့် သော လွှတ်တော်ကိုယ်စားလှယ်များ၊ အဆင့်ဆင့်သော စီမံခန့်ခွဲရေး ကော်မတီများအပြင် ဆိုင်ရာ ရပ်မိ၊ ရပ်ဖ၊ မြို့မိ၊ မြို့ဖများနှင့်ပါ တွေ့ဆုံဆွေးနွေးပြီး ဆောင်ရွက်ရာမှ ထွက်ပေါ်လာသော အကျိုး ကျေးဇူး ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား –
ကျွန်တော်တို့တစ်တွေရဲ့ လွှတ်တော်သက်တမ်း၊ အစိုးရသက်တမ်း တစ်လျှောက်မှာ ဒေသ လိုအပ်ချက်များကို ကျွန်တော်တို့တစ်တွေရဲ့ တစ်ဦးချင်း ဆောင်ရွက်နိုင်မှု စွမ်းအားများနှင့် စိတ်တူ ကိုယ်တူ စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများအတွက် တတ်စွမ်းသမျှ အလုပ် အကျွေး ပြုနိုင်ခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။