၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          ဒီနေ့ဟာ မိမိတို့ တိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး မကြာမီမှာ အစည်းအဝေးပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ မိမိတို့လွှတ်တော်ဟာ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဥပဒေကြမ်း (၂) ခုကို အတည်ပြုနိုင်ခဲ့ ပါတယ်။ အဲ့ဒီဥပဒေကြမ်းတွေကတော့ မန္တလေးတိုင်းဒေသကြီး အပန်းဖြေစခန်းများ၊ တိရစ္ဆာန်၊ ရုက္ခဗေဒဥယျာဉ်ဆိုင်ရာ ဥပဒေကြမ်းနှင့် မန္တလေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ ဖြစ်ပါ တယ်။

          ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးဆိုင်ရာ နည်းဥပဒေ (၁၆) မျိုး အပါအဝင် နည်းဥပဒေ (၂၂) ခုကို ပြင်ဆင်ရန်ရှိသော နည်းဥပဒေများကို ပြင်ဆင်လျက် မှတ်တမ်းတင်ပေး နိုင်ခဲ့ပါတယ်။ အလားတူစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁.၄.၂၀၁၄ ရက်နေ့မှ ၃၁.၃.၂၀၁၅ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကဏ္ဍအလိုက် ဝေဖန်ဆွေးနွေးသုံးသပ် အကြံ ပေးနိုင်ခဲ့ပါတယ်။ ထို့အတူ အဆို (၂) ခုနှင့် ကြယ်ပွင့်ပြမေးခွန်း (၈၆) ခု၊ ကြယ်ပွင့်မပြမေးခွန်း (၈၂) ခု အပါအဝင် မေးခွန်းပေါင်း (၁၆၈) ခုကိုလည်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          မိမိတို့ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ယခု (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးချိန်အထိ ဥပဒေကြမ်း (၄၂) ခု၊ နည်းဥပဒေ (၃၈) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခု၊ အဆို (၁၀၅) ခုနှင့် ကြယ်ပွင့်ပြမေးခွန်း (၂၁၄၃) ခုကို တင်သွင်းပြဋ္ဌာန်းခြင်း၊ မေးမြန်းဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါသည်။ မိမိတို့ လွှတ်တော်အနေဖြင့် သက်တမ်းမကုန်ဆုံးမီမှာ ရေးဆွဲ ပြဋ္ဌာန်းခဲ့သော ဥပဒေများအပေါ် နည်းဥပဒေ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် ပြဋ္ဌာန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းမှာပါရှိတဲ့ ကဏ္ဍအလိုက် ခေါင်းစဉ်များနဲ့စပ်လျဉ်းပြီး ကျန်ရှိသော ဥပဒေများကို အတတ်နိုင်ဆုံး ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆက်လက် ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လာမည့် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မိမိတို့ တိုင်းဒေသကြီးရဲ့ လက်ရှိ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်ဖို့ ရှိပါတယ်။ တစ်ဆက်တည်း ရှေ့လာမည့် ၂၀၁၆ – ၂၀၁၇ခု ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းငွေစာရင်း လျာထားချက်များကို ဝေဖန်သုံးသပ်လျက် ပြည်ထောင်စုအဆင့်သို့ တင်ပြပေးရန် ရှိပါတယ်။ ထို့အပြင် လက်ရှိဘဏ္ဍာရေးနှစ် မိမိတို့ တိုင်းဒေသကြီးရဲ့ ပြည်သူအကျိုးပြု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိချိန်မှာ လုပ်ငန်းများ စနစ်တကျနှင့် ထိရောက်စွာ ဆောင်ရွက်ပြီးစီး မှု ရှိ / မရှိကိုလည်း လေ့လာကြည့်ရှုအကြံပြုကြရန် နှိုးဆော်ပါတယ်။ ပြည်သူ့အကျိုးငှာ ကွင်းဆင်း ကြည့်ရှုရင်း တွေ့ရှိချက်များကို တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကိုယ်စားလှယ်များက အပြုသဘောဆောင်သော အကြံပြုချက်များ ပေးအပ်ကြဖို့ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည့်အလျောက် ကျန်ရှိတဲ့ လွှတ်တော် သက်တမ်းကာလအတွင်း ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့်အတူ ဆောင်ရွက်ကြ ရာမှာ အခြေခံတာဝန်များဖြစ်တဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များ ကိုလည်း အစဉ်ပါဝင်ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။ အဆိုပါတာဝန်များ ကျေပွန်စေရေး အတွက် တရားဥပဒေစိုးမိုးရေး၊ အသိပညာဗဟုသုတ ကြွယ်ဝရေးတို့ကို လုံ့လဥဿဟထား၍ ပူးပေါင်းပါဝင် ဖြည့်ဆည်းကြလျက် ဒေသအကျိုး၊ ပြည်သူ့အကျိုးကို ပိုမိုထမ်းဆောင်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်ပါတယ်။