၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး(ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ……..

ယနေ့စတင်ကျင်းပတဲ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆန္ဒပြုမေတ္တာပို့သလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ……..

          ယခုအခါ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကျင်းပဆောင်ရွက်ချိန်ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်၊ ဧပြီလ (၇) ရက်နေ့က လွှတ်တော်ရဲ့ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကျင်းပပြီးစီးခဲ့တဲ့အတွက် (၄) လကျော်ကာလမှာ ယခုကဲ့သို့ ပုံမှန်အစည်းအဝေး တစ်ရပ်ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ ပထမအကြိမ် လွှတ်တော်များရဲ့ သက်တမ်းဟာ ဇန်နဝါရီ (၃၁) ရက်နေ့မှာ ပြီးမြောက်ကုန်လွန်တော့မှာ ဖြစ်တဲ့ အတွက် လွှတ်တော်သက်တမ်း (၅)  နှစ်ကုန်ဆုံးရန် (၅) လကျော်ကာလသာ ကျန်ရှိချိန်ဖြစ်ပါတယ်။ သို့ပါ၍ ကျန်ရှိကာလများမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တိုင်းဒေသကြီး လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များကို ကျေပွန်ပြီးစီးအောင် သတိတရားအစဉ်လက်ကိုင်ထား၍  ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။

          ဒါ့အပြင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲ အပြီးမှာ ပေါ်ပေါက်လာမယ့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို အခြေအနေ ကောင်းများဖြင့် လွှဲအပ်ပေးနိုင်ရေးတာဝန်ကိုလည်း ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်နှင့် လွှတ်တော်ရုံးလက်စွဲများ ထွက်ပေါ်လာရေး ပထမအကြိမ်၊ လွှတ်တော် သက်တမ်းဆောင်ရွက်ချက် မှတ်တမ်းများပြုစုရေးဆွဲရေး အစရှိတဲ့ လုပ်ငန်းများကို စနစ်တကျ မှတ်တမ်းပြုစု လွှဲအပ်ဆောင်ရွက်သွားဖို့ ပြင်ဆင်လျက်ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ……..

          ပြီးခဲ့တဲ့ (၁၂) ကြိမ်မြောက် အစည်းအဝေးပြီးဆုံးချိန်အထိ မိမိတို့လွှတ်တော်အနေနဲ့ ဥပဒေကြမ်း (၄၀) ခု၊ နည်းဥပဒေ (၁၆) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခု၊ အဆိုပေါင်း (၁၀၃) ခု၊ ကြယ်ပွင့်ပြ မေးခွန်း (၂၀၅၇) ခုကို မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ဥပဒေများ ပြဋ္ဌာန်းရေးဆွဲပြီးတဲ့နောက် ဥပဒေများကို ပြည်သူများအကြား ထိထိရောက်ရောက် အကျိုးပြုနိုင်ရန် နည်းဥပဒေများ ပေါ်ပေါက်လာရေးကိုလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးစားရေးဆွဲခဲ့တာကိုလည်း တွေ့ရှိကြရမှာဖြစ်ပါတယ်။ သို့ပါ၍ ယခု (၁၃) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ရေးဆွဲခဲ့ပြီးသော နည်းဥပဒေများကို  လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်တဲ့အတွက် တည်ဆဲဥပဒေများနှင့်အညီ ဝေဖန်ဆွေးနွေးအကြံပေးခြင်း၊ ပြုပြင်ရန်လိုအပ်ပါက  ပြင်ဆင်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ……..

          ယခုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး အပန်းဖြေစခန်းများ၊ တိရိစ္ဆာန်ဥယျာန်၊ ရုက္ခဗေဒဥယျာဉ်ဆိုင်ရာဥပဒေကြမ်းနှင့် မန္တလေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ အပ်နှံခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများပါဝင်သော ဥပဒေကြမ်း (၂) ခုကို တင်သွင်းရန်ရှိပါသည်။ ထို့အပြင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်သွင်းသော ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းများ နှင့်စပ်လျဉ်း၍လည်း ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြနိုင်ရန်  မိမိတို့လွှတ်တော်က ဝေဖန်ဆွေးနွေးဆောင်ရွက်ပေးဖို့ ရှိပါတယ်။

          နည်းဥပဒေများနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရုပ်ရှင်ရုံနှင့် ဗီဒီယိုရုံနည်းဥပဒေ၊ မန္တလေးတိုင်းဒေသကြီး ဇာတ်ရုံဆိုင်ရာနည်းဥပဒေ၊ မန္တလေးတိုင်းဒေသကြီး အလတ်စားနှင့် အသေးစား လျှပ်စစ်နည်းဥပဒေ၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု ဖွံ့ဖြိုးရေး နည်းဥပဒေ၊ စည်ပင်သာယာရေးဆိုင်ရာများ နှင့်စပ်လျဉ်းပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဝင်များ ရွေးချယ်ခြင်းဆိုင်ရာနည်းဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေ (၂၁) ခုကို လွှတ်တော် ကိုယ်စားလှယ်များထံသို့ ကြိုတင်ဖြန့်ဝေထားပြီးဖြစ်တဲ့အတွက် ဝေဖန်ဆွေးနွေးအကြံပြုရန်ရှိပါက လွှတ်တော်က ဆောင်ရွက်ပေးနိုင်ရန် ပြောကြားလိုပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၁.၄.၂၀၁၄) ရက်နေ့မှ (၃၁.၃.၂၀၁၅) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ကိုလည်း ကဏ္ဍအလိုက် ဝေဖန်ဆွေးနွေးသုံးသပ် အကြံပြုပေးကြဖို့ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ……..

          မိမိတို့လွှတ်တော်များရဲ့ အဓိကတာဝန်ဖြစ်တဲ့ တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းဥပဒေ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေများ အပါအဝင် ဥပဒေပြုမှု တာဝန်များကို တိုင်းဒေသကြီး ဖွံ့ဖြိုး ရေးကို ဦးတည်လျက် လိုအပ်ချက်များ ပြည့်စုံအောင်ပါရှိရေး ရရှိထားသော ဘဏ္ဍာငွေများကို စနစ် တကျနှင့် ထိရောက်စွာသုံးစွဲနိုင်ရေး ပြည့်စုံသော ဥပဒေများပေါ်ထွန်းလာရေးကို ဥပဒေပြဋ္ဌာန်းရာမှာ ပြည်သူများကိုယ်စား အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါတယ်။

          ယခုလွှတ်တော်ပုံမှန် အစည်းအဝေးမှာ အဆို (၂) ခုနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်နှုတ်ဖြင့် မေးမြန်းမည့် ကြယ်ပွင့်ပြမေးခွန်းပေါင်း (၈၆) ခု၊ စာဖြင့်မေးမြန်းထားသော ကြယ်ပွင့်မပြမေးခွန်း (၈၂) ခုအပါအဝင် မေးခွန်း (၁၆၈) ခုကို မေးမြန်းဖြေကြား ဆောင်ရွက်သွား ရန်လည်းရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ……..

          လက်ရှိအချိန်ဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်ဖြစ်ပါတယ်။ ဒီမိုကရေစီ စံနှုန်းများ၊ အသွင်လက္ခဏာများ ပြည့်စုံလာရေးကိုလည်း မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများနှင့်အတူ ကြိုးစားဖြည့်ဆည်းနေကြရဦးမှာ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပေဒေနှင့်အညီ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် မတူကွဲပြား မှုများကို အချင်းချင်းညှိနှိုင်းလျက် တူညီသည်များအပေါ် စည်းလုံးညီညွတ်စွာ အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်ရမည့် အချိန်လည်းဖြစ်ပါတယ်။ “စည်းလုံးခြင်းသည်အင်အား” ၊ “စည်းလုံး ညီညာအောင်ကြောင်းဖြာ” ဆိုသည့် စကားရပ်များနှင့်အညီ မိမိတို့တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် တိုင်းဒေသကြီး အကျိုးစီးပွားကို စည်းလုံးညီညာစွာ ဆောင်ရွက်နိုင် ကြပါစေကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်အပ်ပါတယ်။