၂၀၁၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ (၁၁)ရက်တာ ကျင်းပခဲ့ပြီး မကြာမီပြီးစီးတော့မှာ ဖြစ်ပါတယ်။ ယခုကျင်းပခဲ့တဲ့ အစည်းအဝေးမှာ မိမိတို့လွှတ်တော် အနေနဲ့ ဥပဒေ (၅)ခုကို အတည်ပြုခဲ့ကြပါတယ်။ ယင်းဥပဒေများကတော့ ၂၀၁၅-၂၀၁၆ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ၊ ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ မန္တလေးတိုင်းဒေသကြီး တူးမြောင်းဥပဒေ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ တို့ ဖြစ်ပါတယ်။ ထို့အပြင် နည်းဥပဒေ (၃)ရပ်ကို တင်သွင်းခဲ့ရာ ပြင်ဆင်ရန်အဆို (၆)ရပ် တင်သွင်း ခဲ့ပြီး မေးခွန်း (၂၁၆)ခုကိုလည်း မေးမြန်းဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ယခု (၁၂)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးချိန် အထိ ဥပဒေကြမ်း (၄၀)ခု၊ နည်းဥပဒေ (၁၆)ခု၊ လုပ်ထုံးလုပ်နည်း (၃)ခု၊ အဆိုပေါင်း (၁၀၃)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၂၀၅၇)ခုကို မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အထူးသဖြင့် ဥပဒေများရေးဆွဲ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဥပဒေများကို ပြည်သူများအကြားမှာ ထိထိရောက်ရောက် အကျိုးပြုနိုင်ရန်အတွက် နည်းဥပဒေများ ပေါ်ပေါက်လာရေးကိုလည်း အစဉ်တစိုက်ရေးဆွဲပြဋ္ဌာန်း နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          လွှတ်တော်များသည်မိမိတို့၏ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်ဖို့ လိုအပ်မှုဖြည့်ဆည်းရန် မိမိတို့တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ အစွမ်းကုန်အစဉ်ထမ်းဆောင်ကြရ မှာဖြစ်ပါတယ်။ လာမည့်(၁၃)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာလည်း ဥပဒေများကို ကြိုးစားဖြည့်စွက်ရေးဆွဲလျက် အတတ်နိုင်ဆုံးပြဋ္ဌာန်းရန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက် ထဲမှာပဲ မိမိတို့တိုင်းဒေသကြီးအတွက် အတည်ပြုခဲ့ကြသော စီမံကိန်းများနှင့် ၂၀၁၅ ခုနှစ် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေများကို ချိန်ညှိလျက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို မိမိဒေသပြည်သူ များအတွက် စေတနာအပြည့်အဝနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေးမှာ ပြည်သူများနဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်သည် ပြည်သူများပါဝင်ပြီး၊ မတူကွဲပြားမှုများရှိကြ မည်ဖြစ်ရာ၊ တူတာများကို ပေါင်းစပ်ဆောင်ရွက်ကြရမှာ ဖြစ်သလို၊ မတူကွဲပြားမှုများအတွက် သည်းခံစိတ်မွေးမြူကြရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

          ထို့အပြင် မိမိတို့ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ စည်းကမ်းရှိရန် အလုပ်လုပ်ကြရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရားဥပဒေစိုးမိုးမှုရှိကြမှသာ ရေရှည်တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း မိမိတို့အပါအဝင် ပြည်သူအများအသိအမြင် ကြွယ်ဝရန်လိုအပ်ပါသဖြင့် အသိပညာကြွယ်ဝရေးကိုလည်း ရယူဖန်တီး ကြရမှာ ဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ ပြည်သူများအတွင်း သည်းခံခြင်းတရားများ ပိုမိုထားရှိရေး တရားဥပဒေစိုးမိုးရေး နှင့်အသိပညာဗဟုသုတ ကြွယ်ဝရေးများကိုလည်း ဝိုင်းဝန်းပြီး မြှင့်တင်ဆောင်ရွက်ကြပါရန် နှိုးဆော် ဆန္ဒပြုလျက် နိဂုံးချုပ်အပ်ပါတယ်။

          အားလုံးကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။