၂၀၁၅ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး(ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ယခု ကဲ့သို့တွေ့ဆုံခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းနှင့် မင်္ဂလာအပေါင်းနှင့် ပြည့်ဝ ကြပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့လွှတ်တော်ရဲ့ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီးနောက် (၃)လကျော်ကာလမှာ ယခု (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပထမလွှတ်တော်များရဲ့ သက်တမ်းဟာ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့မှာ ပြီးမြောက်ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် မိမိတို့လွှတ်တော် သက်တမ်း ဟာ(၄)နှစ်ပြည့်လို့ (၅)နှစ်တာကာလအတွင်း (၂)လခန့်ဝင်ရောက်လာပြီး ဖြစ်ပါတယ်။ သို့ပါ၍ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တိုင်းဒေသကြီးရဲ့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ (၁၀)လခန့်သာ ကျန်ရှိတော့တဲ့အတွက် မိမိတို့၏လွှတ်တော်ဆိုင်ရာ လုပ်ငန်း တာဝန်များကို ကျေပွန်ပြီးစီးအောင် သတိတရားအစဉ်ထား၍ ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။

          ပြီးခဲ့တဲ့ (၁၁)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးအထိ မိမိတို့လွှတ်တော်အနေနဲ့ ဥပဒေ (၃၅)ခု၊ နည်းဥပဒေ (၁၃)ခုအပြင် လုပ်ထုံးလုပ်နည်း(၃)ခုကို ဥပဒေပြုရေးတာဝန်အဖြစ် အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးရှိ မဏ္ဍိုင်(၃)ရပ်အကြား အပြန်အလှန်ညှိနှိုင်းထိန်းကျောင်း ဆောင်ရွက်ချက်များအဖြစ် အဆိုပေါင်း(၉၇)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၈၄၁)ခုကိုတင်သွင်းမေးမြန်း ဖြေကြားချက်များ ဆောင်ရွက်ခဲ့ကြပါတယ်။ ထို့အပြင်ပြည်သူများ၏ တိုင်ကြားလွှာ (၂၉၆)စောင်ကို လက်ခံရရှိ၍ စိစစ်လေ့လာလျက် လိုအပ်သည်များကို ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် (၁၁)ကြိမ်မြောက် လွှတ်တော်အပြီးမှာ မိမိတို့လွှတ်တော်အနေနဲ့ ဥပဒေများကို ပြက္ခဒိန် နှစ်အလိုက်ပြဋ္ဌာန်းခဲ့ပြီးသော ဥပဒေများကို စုစည်းလျက် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်လို့ ပြည်သူများ လေ့လာသိရှိနိုင်ရန် မကြာမီဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ထို့အပြင် မိမိတို့လွှတ်တော်မှ ပြဋ္ဌာန်းပေးခဲ့သော ဥပဒေများနှင့်အတူလွှတ်တော်ဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များကို ဖတ်ရှုလေ့လာနိုင်ရန် လွှတ်တော်ဆိုင်ရာ Website တစ်ခုထူထောင်ပြီးဖြစ်ကြောင်း အသိပေးလိုပါ တယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          ယခုကျင်းပလျက်ရှိတဲ့ (၁၂)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ဆောင်ရွက်ရန် လုပ်ငန်းများအနေနဲ့ ၂၀၁၅-၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြ ရန်ရှိတဲ့ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကဏ္ဍစီမံကိန်း ကဏ္ဍအလိုက်မူဝါဒ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းရန် အဆိုပြုချက်အပြင် မန္တလေးတိုင်းဒေသကြီး၏ ဘတ်ဂျက်ဆိုင်ရာဌာနများ၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ပြဋ္ဌာန်းအတည်ပြုရန်ရှိပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး တူးမြောင်းဆိုင်ရာဥပဒေ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေတို့ကို လွှတ်တော်မှ ပြဋ္ဌာန်းနိုင်ရန်အတွက် တင်သွင်းရန်ရှိပါတယ်။ ထို့နည်းတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ကတင်သွင်းမည့် လမ်းများ၊ တံတား များဆိုင်ရာနည်းဥပဒေ၊ ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်းဆိုင်ရာ နည်းဥပဒေ နှင့်ကုန်တင်ကုန်ချလုပ်ငန်းဆိုင်ရာ နည်းဥပဒေများကိုလည်း ဝေဖန်ဆွေးနွေးအတည်ပြုပေးရန် ရှိပါတယ်။ အလားတူစွာ အဆို(၅)ရပ်နှင့် မေးခွန်း (၂၂၇)ခုကို တင်သွင်းမေးမြန်းရန် ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့တိုင်းဒေသကြီးလွှတ်တော်ဟာ တိုင်းဒေသကြီးအတွင်း ပြဋ္ဌာန်းသင့်သော ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရာမှာ ဥပဒေရေးဆွဲရေး အတွေ့အကြုံများ ရရှိလာနေပြီဖြစ်ပါတယ်။ ရရှိလာတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး မိမိတို့တိုင်းဒေသကြီးအတွက် ပြဋ္ဌာန်းရန် လိုအပ်နေသေးတဲ့ ဥပဒေ များကို ဆက်လက်ပြဋ္ဌာန်းကြရမှာဖြစ်ပါတယ်။ ဥပဒေများရေးဆွဲရာမှာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာတက္ကသိုလ်နှင့် ပြင်ပပညာရှင်၊ ဥပဒေပညာရှင် များနှင့် မူကြမ်းများအကြိမ်ကြိမ် ဆွေးနွေးလျက် ပေါင်းစပ်ညှိနှိုင်းရေးဆွဲနိုင်ခဲ့ကြပါတယ်။ ထို့အပြင် ဥပဒေနဲ့ သက်ဆိုင်တဲ့ ပြည်သူများရဲ့ အတွေးအမြင်များ၊ အကြံပြုချက်များကိုလည်း ဆက်လက်ရယူ လျက် ရေးဆွဲဆောင်ရွက်သွားကြရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် မိမိတို့လွှတ်တော်ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ “ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ” ဆိုသည့်အတိုင်း ပြည်သူ များ၏ သဘောထားဆန္ဒတွေကို ထင်ဟပ်နိုင်ဖို့ သက်ဆိုင်ရာ မဲဆန္ဒရှင်များထံ အစဉ်အမြဲထိတွေ့ လျက် လွှတ်တော်မှာ ဆွေးနွေးတင်ပြခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေကြရမှာပဲ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          နိဂုံးချုပ်အနေနဲ့ လက်ရှိအချိန်ဟာ ဒီမိုကရေစီရဲ့ ရေချိန်မြင့်တက်စပြုချိန် ဖြစ်ပါတယ်။ မိမိ တို့အပါအဝင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးကြရမှာ အမြင်ချင်းမတူသော လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ ဘာသာစကားယဉ်ကျေးမှု မတူညီကြသော တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ကိုးကွယ်ယုံကြည်မှုမတူညီသော ဘာသာဝင်တစ်စုနှင့် တစ်စုအကြား မတူညီသောအမြင်၊ မတူညီသော ဘာသာစကား၊ မတူညီသော ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် မတူညီသော ကိုးကွယ်ယုံကြည်မှုများကို လွတ်လပ်စွာပြောဆိုခွင့်၊ တင်ပြခွင့်၊ ကျင့်သုံးခွင့် များကို အခြေခံဥပဒေက ပေးထားပါတယ်။ ယင်းကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်နှင့် အညီ မိမိတို့တိုင်းဒေသကြီးအတွင်း ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားလာရေး အတွက် ဖော်ပြပါမတူညီမှုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မိမိတို့ အပါအဝင် ပြည်သူများက သည်းခံခြင်းတရားကို အခြေခံတည်ဆောက်မှသာ ဒီမိုကရေစီစနစ်သည် အောင်မြင်နိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ များနှင့်အတူ ဆင်ခြင်တုံတရားကိုင်စွဲလျက် “သည်းခံခြင်း” တရားကို သတိထားကျင့်သုံးကြခြင်းဖြင့် ဒီမိုကရေစီယဉ်ကျေးမှု ပိုမိုထွန်းကားရေး ဝိုင်းဝန်းဖော်ဆောင်ပေးကြပါရန် တိုက်တွန်းလျက် နိဂုံးချုပ် အပ်ပါတယ်။