၂၀၁၅ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ ပြောကြားသည့် မိန့်ခွန်း

အားလုံးမင်္ဂလာပါ

          တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ မန္တလေးတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ တူညီသောအမြင်များနဲ့ ပူးပေါင်းဆောင်ရွက် ကြပြီး အောင်မြင်မှုများ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

          ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ လွှတ်တော်သက်တမ်းဟာ (၄)နှစ်ကျော်ကာလကို ရောက်ရှိ လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီ(၄)နှစ်တာကာလအတွင်း တိုင်းဒေသကြီးနဲ့ သက်ဆိုင်သော ဥပဒေပြုရေး ကိစ္စရပ်များကို အားသွန်ခွန်စိုက် လေ့လာခြင်း၊ ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် လွှတ်တော်မှာ တင်ပြ အတည်ပြုချက်ရယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးလွှတ်တော်က ဥပဒေ (၃၅)ခုနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းဥပဒေ(၉)ခုကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး ထပ်မံရေးဆွဲထား တဲ့နည်းဥပဒေ (၄)ခုကိုလည်း ယခုလွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု စိတ်အေးချမ်းသာစွာနဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးတို့ဟာ ကျွန်တော်တို့အစိုးရအဖွဲ့၏ တာဝန်ပဲဖြစ်တဲ့အကြောင်း၊ အစိုးရ အဖွဲ့ဟာ တိုင်းဒေသကြီးအတွက် အကျိုးပြုတဲ့ တိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အစိုးရအဖွဲ့ဖြစ် စေရမယ်ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့တစ်တွေဟာ မြန်မာနိုင်ငံသမိုင်း၊ မန္တလေးတိုင်းဒေသကြီး၏ သမိုင်းအသစ်ကို ရေးကြရတော့မယ် ဆိုတဲ့အကြောင်း၊ ရေးခွင့်လည်းရခဲ့ကြပြီး သမိုင်းကိုအကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ကြမယ်ဆိုတဲ့ သန္နိဌာန်စိတ်လည်း ချထားပြီးဖြစ်တယ်ဆိုတာကို ပြောကြားခဲ့တဲ့အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း (၄)နှစ်တာသက်တမ်းကို ရောက်ရှိလာပြီဖြစ်ရာ ဒေသဖွံ့ဖြိုးရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          ၂၀၁၄ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း ထူးခြားဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၂၀၁၄ခုနှစ်၊ ဇွန်လကုန်ခန့်မှာ ဘာသာရေးနှင့် ပတ်သက်၍ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ကောလဟာလသတင်းတစ်ခုကြောင့် ဘာသာရေး ပဋိပက္ခ များဖြစ်အောင် ဆူပူအကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ မီးရှို့အကျိုးဖျက်ဆီးမှုများ ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် တားဆီး နိုင်ခဲ့တဲ့အတွက် ရက်အနည်းငယ်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိနိုင်ခဲ့ပါတယ်။ ဖြစ်စဉ်မှာပါဝင်ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါတယ်။

          မန္တလေးတိုင်းဒေသကြီးမှာ ယခုလိုထူးခြားတဲ့ ဥပဒေမဲ့ဖြစ်စဉ်တွေကို ပိုမိုမကြီးထွားရစေ အောင် ဥပဒေဘောင်အတွင်းက ထိန်းသိမ်းရင်းနဲ့ပဲ မိမိတိုင်းဒေသကြီးရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ စီမံဆောင်ရွက်ပေးခဲ့တယ်။ ဆက်လက်ပြီးလည်း ဥပဒေများ နှင့်အညီ ဆောင်ရွက်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။

          မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာနှစ်အတွင်းမှာ ကျေးလက်နေပြည်သူလူထု အမှန်တကယ် လိုအပ်ချက်ဖြစ်တဲ့-

          (က)    ပညာရေးကဏ္ဍမှာ                        လုပ်ငန်းအရေအတွက်(၉၃၆)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၂၃,၇၁၅.၉၉၅)၊

          (ခ)    ကျန်းမာရေးကဏ္ဍမှာ                     လုပ်ငန်းအရေအတွက်(၃၀၅)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၁၄,၄၈၈.၅၃၅)၊

          (ဂ)   လမ်းတံတားကဏ္ဍမှာ                    လုပ်ငန်းအရေအတွက်(၂၁၃၆)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၃၉,၇၈၃.၉၈၄)၊

          (ဃ)    ဆည်ကန်ကဏ္ဍမှာ                        လုပ်ငန်းအရေအတွက်(၆၅၆)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၃၀,၅၂၉.၁၄၁)၊

          (င)    မီးလင်းရေးကဏ္ဍမှာ                      လုပ်ငန်းအရေအတွက်(၈၃၈)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၂၁,၉၆၄.၈၈၀)၊

          (စ)    ရေရရှိရေးကဏ္ဍမှာ                       လုပ်ငန်းအရေအတွက်(၂၃၈၁)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၁၃,၃၇၆.၃၉၆)၊

          (ဆ)    အခြားဒေသဖွံ့ဖြိုးရေးကဏ္ဍမှာ         လုပ်ငန်းအရေအတွက်(၄၉၈)ခု၊

                   လုပ်ငန်းတန်ဖိုး                             ကျပ်သန်း(၅,၈၀၂.၉၅၁)၊

စုစုပေါင်းလုပ်ငန်းအရေအတွက်        (၇၇၅၀)ခု၊

          လုပ်ငန်းတန်ဖိုး ကျပ်သန်း(၁၄၉,၆၆၁.၈၈၂)ကုန်ကျခံကာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီအထဲ မှာ မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း အပါ အဝင်ဖြစ်ပါတယ်။

          အလားတူ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်အဖြစ် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာနှစ်မှာ ခရိုင်(၅) ခရိုင်၊ မြို့နယ်(၁၃)မြို့နယ်၊ ကျေးရွာပေါင်း(၈၃)ရွာကို တစ်ရွာလျှင် ကျပ်သန်း(၃၀)နှုန်းဖြင့် စုစုပေါင်း ကျပ်သန်း(၂၄၉၀)ကို အရင်းမပျောက် မတည်ငွေအဖြစ် ခွဲဝေထုတ်ချေးပေးခဲ့ပါတယ်။ ဆက်လက်ပြီး ယခုဘဏ္ဍာနှစ်မှာပဲ ဒုတိယအကြိမ်ထပ်မံပြီး ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်မှ ကျေးရွာ(၁၀)ရွာ အတွက် တစ်ရွာလျှင် ကျပ်သန်း(၃၀)နှုန်းနဲ့ ကျပ်သန်း(၃၀၀)ကို ထပ်မံထုတ်ချေးခဲ့တဲ့အတွက် စုစုပေါင်း ခရိုင်(၇)ခရိုင်၊ မြို့နယ်(၂၃)မြို့နယ်၊ ကျေးရွာပေါင်း(၉၃)ရွာမှာ အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ကျပ်သန်း(၂၇၉၀)ကို ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုထုတ်ချေးနိုင်ခဲ့တဲ့အတွက် ယခင် ကထက် အထိုက်အလျောက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာများရဲ့ စည်းလုံးညီညွတ်မှုကို လည်း အထောက်အကူပြုကြောင်း တွေ့ရှိရပါတယ်။

          တိုင်းဒေသကြီး မိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရေရရှိရေးကို ဦးစားပေး ထပ်မံဆောင်ရွက်ပေးခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၃ ခုနှစ်မှာလည်း ရေရရှိရေးကဏ္ဍကို အများဆုံး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာလည်း မြို့နယ် (၁၈) မြို့နယ်မှာ တိမ်ကောပျက်စီးနေတဲ့ ကျေးရွာသုံး ဆည်ငယ်ကန်ငယ်ပေါင်း (၂၅၂) ကန်ကို ပြုပြင်ဆောင်ရွက်ပေး နေပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေရရှိရေးအတွက် မြို့နယ် (၁၇) မြို့နယ်မှာ စက်ရေတွင်းပေါင်း (၅၈၈၉)တွင်းကို တူးဖော်ပေးနေပြီ ဖြစ်ပါတယ်။ ဒီလိုနှစ်နှစ်ဆက်တိုက် ရေရရှိရေး ဆောင်ရွက်ပေး နိုင်ခဲ့တဲ့အတွက် မိုးနည်းဒေသတွေမှာတောင် သောက်သုံးရေအပြင် စိုက်ပျိုးရေကိုပါ ရရှိခဲ့ပါတယ်။

          အနာဂတ်ကိုပိုင်ဆိုင်သော လူငယ်များအခန်းကဏ္ဍ မြင့်မားရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၁၅) မြို့နယ်၊ ကျောင်းပေါင်း (၃၉) ကျောင်းမှာ ကင်းထောက်လူငယ်ပေါင်း (၄၄၀၈) ဦးကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ဖြစ်တဲ့အပြင် (၂၈.၄.၂၀၁၄) ရက်နေ့မှ (၂.၅.၂၀၁၅) ရက်နေ့ အထိ တစ်နိုင်ငံလုံးမှာရှိတဲ့ ကင်းထောက် (၆၁၂) ဦးကို ပြင်ဦးလွင်မြို့နယ်၊ ကန်တော်ကြီးမှာ စခန်းချ လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ၎င်းအပြင် စာမတက်သူပပျောက်ရေးအတွက် စာတက်မြောက်ရေး အခမ်းအနားကို စဉ့်ကိုင်မြို့မှာ(၁.၄.၂၀၁၄) ရက်နေ့မှ (၁၅.၅.၂၀၁၄) ရက်နေ့အထိ စာသင်ဦးရေ (၂၀၀) ဦးဖြင့်ဆောင်ရွက်ပေးနိုင်ခဲ့တာဟာလည်း ထူးခြားတဲ့ဆောင်ရွက်ချက်များဖြစ်ပါတယ်။

          ယခုနှစ်မှာထူးထူးခြားခြားဆောင်ရွက်နိုင်ခဲ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အငြိမ်းစားဝန်ထမ်း များနဲ့ ပြည်သူများအတွက် ဦးစားပေးပြီး အခန်းပေါင်း (၁၃၄၄) ခန်းဖြင့် ဆောက်လုပ်ထားကာ သတ်မှတ်ချက်များနှင့်အညီ နေရာချထားပေးနေပြီ ဖြစ်ပါတယ်။ အလားတူ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် တန်ဖိုးနည်းတိုက်ခန်း (၄၃၂)ခန်းကို ဆောက်လုပ်လျက်ရှိရာ မကြာခင် ပြီးစီး တော့မည်ဖြစ်ပြီး ပြည်သူကို ရောင်းချနေရာချထားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မဲ့ယာမဲ့ များအတွက် စားဝတ်နေရေး အဆင်ပြေစေရန် အခန်းငှားစနစ်နဲ့ တိုက်ခန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုနှစ်အပြီးဆောင်ရွက်သွားမှာဖြစ်ပြီး အငှားစနစ်များ ချထား ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်၊ နဝမပုံမှန်အစည်းအဝေးမှာ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်သွားမယ်ဆိုတာ ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဝန်ထမ်းများ အတွက် တစ်မြို့နယ်လျှင် အခန်း(၂၄)ခန်း၊ ခရိုင်မြို့ဖြစ်လျှင် (၄၈)ခန်းနှင့် တိုင်းဒေသကြီးတစ်ခုလုံး မှာဝန်ထမ်းများအတွက် အိမ်ရာ (၇၁၈)ခန်းကို ဆောက်လုပ်ပေးလျက်ရှိပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          တိုင်းဒေသကြီးရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား တိုးတက် ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လုပ်ငန်း(၁)မှ(၅)အထိ လမ်းညွှန်ချက်များနှင့်အညီ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ဒုတိယဝန်ကြီးများဦးဆောင်သော အစိုးရအဖွဲ့ဆပ်ကော်မတီများအား (Delivery Unit) အဖြစ် ပူးတွဲတာဝန်ပေးအပ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဖြေရှင်း ဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ တိုးတက်မှုများရရှိ အောင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ အစိုးရဆပ်ကော်မတီ၏ (Delivery Unit) လုပ်ဆောင် ချက်များဖြင့် အထူးဦးစားပေး လုပ်ငန်း(၇)ရပ်ဖြစ်တဲ့ လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဒေသဖွံ့ဖြိုးတိုးတက် မှုများရရှိလာသည့်အပြင် စည်းလုံးညီညွတ်မှုကိုလည်း ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။

          ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး (Capacity Building) အတွက် ရည်ရွယ်၍ မိမိ တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အရာထမ်း(၉၀၈)ဦး၊ အမှုထမ်း(၅၃၄၉)ဦး၊ စုစုပေါင်း(၆၂၅၇) ဦးအား တစ်ဦးချင်းအရည်အချင်း ပိုမိုတိုးတက်မြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါ တယ်။ အစိုးရအုပ်ချုပ်ရေး ယန္တရားတိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်း အစီအစဉ် အရ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အရာရှိမွမ်းမံသင်တန်းကို နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အထက်ဌာနအလိုက် တက်ရောက်စေခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်၊ လေ့ကျင့်ရေးနှစ်အတွင်း အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းများကို ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်မည်ဖြစ်ရာ တာဝန်ထမ်းဆောင်လျက်ရှိသော မိမိတိုင်းဒေသကြီး အတွင်းမှ အသက်(၅၀)နှစ်အောက် ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ အားအလှည့်ကျ တက်ရောက်စေခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော် အဆင့် (ဗဟိုအဆင့်)၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကဏ္ဍအလိုက် ဖွင့်လှစ်သည့် သင်တန်းများတွင်လည်း ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများအား တက်ရောက်စေလျက်ရှိပါတယ်။ ခရိုင်အဆင့် စွမ်းဆောင်ရည်မြင့်မားရေး အုပ်ချုပ်ရေးအထူးမွမ်းမံသင်တန်းများ ၂၀၁၄-၂၀၁၅ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ အလှည့်ကျ တက်ရောက်စေလျက်ရှိပါတယ်။

          နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ကဏ္ဍတစ်ရပ်အဖြစ် (One Stop Service) စုပေါင်းရုံးများ ဖွဲ့စည်းတည်ဆောက်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီးဖြစ်တဲ့ ခရိုင်/ မြို့နယ်ရုံးများ အားဌာန (၁၆)ခုပါဝင်သည့် စုပေါင်းရုံးများအဖြစ် ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်တွင် အသစ်/ ပြင်ဆင် ဖွင့်လှစ်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ရွေးချယ်ပေးပို့ထား သည့်စာရင်းအရ မြို့နယ်စုပေါင်းရုံးအသစ် (၁)ရုံးနှင့် ပြန်လည်ပြုပြင်တည်ဆောက်မည့် မြို့နယ် စုပေါင်းရုံး (၉)ရုံးပါဝင်ပြီး စုပေါင်းရုံးအသစ် တည်ဆောက်ရန် လျာထားတဲ့ ညောင်ဦးမြို့နယ်ရုံးသစ် ၏ခန့်မှန်းကုန်ကျစရိတ်အား (၁၅၉၃.၆၀)ကျပ်သန်းနှင့် ပြုပြင်မွန်းမံတည်ဆောက်မယ့် မြို့နယ်(၉)ရုံး အဖြစ် အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ သာစည်မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့အား လျာထားဆောင်ရွက်လျက် ရှိပါတယ်။ စုပေါင်းရုံးများ ဆောက်လုပ်ပြီးစီးပါက ပြည်သူလူထု၏ လိုလားချက်များအား တစ်ချိန်တည်း တစ်နေရာတည်းတွင် အချိန်တိုအတွင်း လုပ်ငန်းကဏ္ဍအသီးသီး၌ ပိုမိုထိရောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ရတဲ့ သက်တမ်းကာလအတွင်းမှာ ပြည်သူလူထုအကျိုးပြုလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်နဲ့ ဟန်ချက်ညီညီ ကြိုးပမ်းအား ထုတ်ဆောင်ရွက်ခဲ့ရာ အထိုက်အလျောက် အောင်မြင်မှုများ ရှိခဲ့သည်ကို မျက်ဝါးထင်ထင်တွေ့မြင် နိုင်မှာဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

          ဒါ့ကြောင့် ကျွန်တော်တို့တစ်တွေ မန္တလေးတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ ပြည့်စုံအောင် ဆက်လက်ကြိုးစားသွားဖို့အတွက် အစိုးရအဖွဲ့နဲ့ လွှတ်တော်ပူးပေါင်း ပြီးအစိုးရ သက်တမ်းကျန်ရှိတဲ့ ကာလအတွင်းမှာ ပြည်သူဗဟိုပြုပြီး အကျိုးရှိမယ့်လုပ်ငန်းများကို လျင်လျင်မြန်မြန် (Quick Win) ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်။