၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား …

          မိမိတို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးဟာ (၁၂) ရက်တာ ကျင်းပခဲ့ပြီး မကြာခင်ပြီးစီးတော့မှာ ဖြစ်ပါတယ်။ ယခုကျင်းပခဲ့တဲ့ အစည်းအဝေးမှာ မိမိတို့ လွှတ်တော်အနေနဲ့ ဥပဒေ (၉) ခုကို အတည်ပြုခဲ့ကြပါတယ်။ ယင်းဥပဒေများကတော့ ၂၀၁၄ – ၂၀၁၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ၊ မန္တလေးတိုင်းဒေသကြီး ရုပ်ရှင်ရုံနှင့်ဗီဒီယိုဥပဒေ၊ မန္တလေးတိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ဇာတ်ရုံဆိုင်ရာဥပဒေ၊ မန္တလေးတိုင်းဒေသကြီး လမ်းများတံတားများဥပဒေ၊ မန္တလေး မြို့တော်စည်ပင်သာယာရေးဥပဒေ၊ မန္တလေးအသေးစားစက်မှုလက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဥပဒေ၊ မန္တလေးတိုင်းဒေသကြီးအလတ်စားလျှပ်စစ်ဥပဒေတို့ဖြစ်ပါတယ်။

          ယခုလွှတ်တော်အစည်းအဝေးမှာ ဖော်ပြပါ ဥပဒေ (၉) ခုအပြင် ၂၀၁၅ – ၂၀၁၆ ခုနှစ် မန္တလေး တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းအဆိုပြုချက်များနှင့် မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းအဆိုပြုချက်များနှင့် မန္တလေးတိုင်းဒေသကြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ဆွေးနွေးလျက် သဘောတူအတည်ပြုပေးခဲ့ပါတယ်။ မိမိတို့လွှတ်တော်ကိုယ်စား လှယ်များဟာ အဆို (၂) ရပ် တင်သွင်းခဲ့ပြီး မေးခွန်း (၂၆၃) ခုကိုလည်း မေးမြန်းဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးငွေစာရင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို လည်း ဝေဖန်ဆွေးနွေးအကြံပေးနိုင်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်း သော ကျောက်စိမ်းဥယျာဉ်စီမံကိန်းအဆိုပြုတင်ပြချက်ကိုလည်း ဝေဖန်ဆွေးနွေးအကြံပေးချက်များ နှင့် အတူ မူအရသဘောတူကြောင်းနှင့် လွှတ်တော်၌မှတ်တမ်းတင်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          မိမိတို့တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ယခု (၁၁) ကြိမ်မြောက်အစည်းအဝေး ပြီးဆုံးချိန် အထိ ဥပဒေကြမ်း (၃၅) ခု၊ နည်းဥပဒေ (၁၃) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခု၊ အဆိုပေါင်း (၉၇) ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၈၄၁) ခုကို မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အထူးသဖြင့် ဥပဒေများရေးဆွဲပြဌာန်းပြီးတဲ့နောက်မှာ ဥပဒေများကို ပြည်သူများအကြားမှာ ထိထိရောက်ရောက် အကျိုးပြုနိုင်ရန်အတွက် နည်းဥပဒေများ ပေါ်ပေါက်လာရေးကိုလည်း အစဉ်တစိုက် ရေးဆွဲပြဌာန်း နိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          လွှတ်တော်များသည် မိမိတို့၏အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်ဖို့ လိုအပ်မှုဖြည့်ဆည်းရန် မိမိတို့ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ အစွမ်းကုန်အစဉ်ထမ်းဆောင်ကြရ မှာဖြစ်ပါတယ်။ လာမည့် (၁၂) ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာလည်း ဥပဒေများကို ကြိုးစားဖြည့်စွက်ရေးဆွဲလျက် အတတ်နိုင်ဆုံးပြဋ္ဌာန်းရန် ကြိုးစားကြရမှာဖြစ်ပါတယ်။ တစ်ပြိုင် နက်တည်းမှာဘဲ ပြည်သူ့အကျိုးပြုအဆိုများ တင်သွင်းနိုင်ရေး၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်များကို ဖော်ညွှန်းဖြည့်ဆည်းနိုင်တဲ့ မေးခွန်းများကိုလည်း လွှတ်တော်အသံ ဖြစ်လာရေး၊ လွှတ်တော်ကဖော်ဆောင်နိုင်ရေးကိုလည်း အစဉ်သတိပြုနှလုံးသွင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

          ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ မိမိတို့ဟာ ပြည်သူများအကြား ဆင်းရဲမှုလျှော့ချရေး၊ တစ်ဦး ချင်းဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုလည်း ပြည်သူများအကြား၊ ပြည်သူများနှင့်အတူ ပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝကြပါစေ၊ ကျန်းမာချမ်းသာကြပါ စေရန် ဆန္ဒပြုလျက် နိဂုံးချုပ်ပါတယ်။