၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ –

ပြီးခဲ့တဲ့ သတ္တမပုံမှန်အစည်းအဝေး ကုန်ဆုံးပြီးချိန်အထိ ကြယ်ပွင့်ပြမေးခွန်းပေါင်း (၉၃၀)၊ ကြယ်ပွင့် မပြမေးခွန်း (၂၈၀)၊ အဆို (၇၆)၊ မှတ်တမ်းတင်ခြင်း (၁၂)ရပ်ကို ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ မိမိတို့ လွှတ်တော်အနေနဲ့ ပြည်သူများရဲ့ ဆန္ဒသဘောထားနှင့်အတူ တိုင်းဒေသကြီး အတွင်း ဒေသအလိုက် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အဆိုပြုခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း ဆောင်ရွက် နိုင်ခဲ့ကြပါတယ်။ ယခု ကျင်းပလျက်ရှိတဲ့ လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးမှာ မေးခွန်းပေါင်း (၂၀၅)ခု မေးမြန်းဖြေကြားပေးဖို့ ရှိပါတယ်။ ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ (၁၈၃)ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း (၂၂)ခုကို မေးမြန်းဖြေကြားဖို့ ရှိပါတယ်။

မေးခွန်းများနှင့်စပ်လျဉ်း၍ စိစစ်ကြည့်ရှုတဲ့အခါမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသို့ မေးခွန်း (၁၅)ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနသို့ မေးခွန်း (၃၀)ခု၊ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မေးခွန်း (၃)ခု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနသို့ မေးခွန်း (၈၀)ခု၊ သစ်တောနှင့် သတ္တု ဝန်ကြီးဌာနသို့ (၂)ခု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသို့ (၁၆)ခု၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဌာနသို့ မေးခွန်း (၁၀)ခု၊ လူမှုရေးဝန်ကြီးဌာနသို့ (၄၇)ခု၊ တိုင်းဒေသကြီး တရားလွှတ်တော်သို့ မေးခွန်း (၁)ခု၊ တိုင်းဒေသကြီး ဥပဒေချုပ်သို့ မေးခွန်း (၁)ခု၊ စုစုပေါင်း မေးခွန်း (၂၀၅)ခု မေးမြန်းခဲ့တာကို တွေ့ရှိရပါ တယ်။ အဆိုကိုတော့ (၁၀)ခု တင်သွင်းထားတာ တွေ့ရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ –

မိမိတို့ တိုင်းဒေသကြီးလွှတ်တော် အနေနဲ့ လွှတ်တော်ရဲ့ သက်တမ်း ထက်ဝက်ကျော်ကာလ ရောက်ရှိနေပြီဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်များကို အတိုင်းအတာတစ်ခုအထိ နားလည် သဘောပေါက်လာပြီး တာဝန်ထမ်းဆောင်မှုအား ပိုမိုတိုးတက်မှုရှိလာပြီလို့ အကြမ်းဖျင်းအားဖြင့် သုံးသပ်လို့ရပါတယ်။ သို့သော်လည်း ဆတက်ထမ်းပိုး တိုးတက်ကြိုးစားဆောင်ရွက်ကြဖို့ လိုသေးတာ ကိုလည်း သတိပြုမိကြမှာ ဖြစ်ပါတယ်။ မိမိတို့ ဆောင်ရွက်ချက်များအပေါ် တိုင်းဒေသကြီးအတွင်းမှာ နေကြတဲ့ ပြည်သူများရဲ့ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်ကို မိမိတို့ ဘယ်မျှအထိ ဖြည့်ဆည်းနိုင်ခဲ့တယ် ဆိုတဲ့ အနေအထားနှင့် နှိုင်းယှဉ်သုံးသပ်လျက် အစဉ်အမြဲဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ –

မိမိတို့ လွှတ်တော်ရဲ့ အဓိကပင်မ တာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနှင့်စပ်လျဉ်းပြီး ယခု လွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းမယ့် ၂၀၁၄ – ၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များနှင့် ၂၀၁၃ – ၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရသုံးခန့်မှန်းခြေငွေစာရင်း ဥပဒေကြမ်းတို့ကို အကြံပြုဆွေးနွေးကြလျက် မှတ်တမ်းတင် အတည်ပြု ဆောင်ရွက်ရန် ရှိပါတယ်။ ဖော်ပြပါ ဘဏ္ဍာ အရအသုံးဆိုင်ရာ လျာထားချက်များဟာ မိမိတို့ တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ငွေကြေး ပမာဏများ ဖြစ်တဲ့အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ စနစ်တကျနဲ့ အလေးအနက်ထား လေ့လာအကြံပြုဆွေးနွေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ကိစ္စရပ်များဟာ မိမိတို့ တိုင်းဒေသကြီးရဲ့ ငွေကြေး အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်ဖြစ်ပါတယ်။ ဒီအတွက် ရငွေအပိုင်းမှာ ပြည့်ပြည့်ဝဝနဲ့ ပိုမိုတိုးတက်ရရှိအောင် ကြိုးစားရေး ဦးတည်ရမှာ ဖြစ်သလို သုံးငွေအပိုင်းမှာ စေ့စေ့စပ်စပ် သေသေချာချာ စိစစ်သုံးစွဲနိုင်ဖို့နှင့် သုံးစွဲသလောက် ထိရောက်စေရန် လေ့လာစိစစ်အကြံပြုလျက် အတည်ပြုပေးနိုင်ဖို့ ကိုယ်စားလှယ်များက သတိပြု ဆောင်ရွက်ပေးကြ ပါရန် မေတ္တာရပ်ခံလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ –

ဆက်လက်၍ ယခု ပုံမှန်အစည်းအဝေးမှာ တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေး အဖွဲ့များ ဆိုင်ရာ နည်းဥပဒေ (၈)ခုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ကိုလည်း ပြည်သူများ၏ အကျိုးစီးပွား အလို့ငှာ စေ့စပ်သေချာစွာ လေ့လာဆွေးနွေးနိုင်ရန်ကိုလည်း တိုက်တွန်း လိုပါတယ်။ ထို့အပြင် မိမိတို့ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ဇယား (၂)ပါ ကဏ္ဍအလိုက် ဥပဒေပြုရန်နှင့် အကြံပြု လေ့လာဆောင်ရွက်နိုင်ဖို့ လွှတ်တော် ကော်မတီများ၊ လွှတ်တော် အကြံပေးအဖွဲ့များကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအတွက် လွှတ်တော်ရေးရာလုပ်ငန်းများကို ဆောင်ရွက်ရာမှာ ပိုမိုတိုးတက် လာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ သို့ပါ၍ မိမိတို့ ကိုယ်စားလှယ်များအနေနဲ့ “ပြည်သူတို့ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လွှတ်တော်ရဲ့ တာဝန်များကို ထမ်းဆောင်ကြရာမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းသာမက ကော်မတီအနေနဲ့ပါ စုပေါင်း ဆောင်ရွက်ကြပြီး ပြည်သူ့ဆန္ဒတွေကို ပိုမို ဖြည့်ဆည်းနိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။