၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ကျင်းပ ခဲ့တာဟာ ယနေ့အပါအဝင် (၁၁)ရက်မြောက်နေ့ဖြစ်ပြီး အစည်းအဝေးမကြာမီပြီးမြောက်တော့ မှာဖြစ်ပါတယ်။ ယခုအစည်းအဝေးမှာ ဥပဒေပြုရေးတာဝန်နှင့် စပ်လျဉ်းလို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က တင်သွင်းခဲ့သော မန္တလေးတိုင်းဒေသကြီး ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်ဖြည့်စွက် ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုချက် နှင့်အတူ အတည် ပြု နိုင်ခဲ့ပါတယ်။ ဥပဒေကြမ်းရေးဆွဲရေးအဖွဲ့များက တင်သွင်းခဲ့သော မန္တလေး တိုင်းဒေသကြီး ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာဥပဒေကြမ်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျထိန်းကျောင်းရေး ဥပဒေကြမ်းကိုလည်း လွှတ်တော်တွင် အကြံပြု ဆွေးနွေးချက်များနှင့် အတူ အတည်ပြုခြင်းနှင့် ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များဆိုင်ရာ နည်းဥပဒေကိုလည်း လွှတ်တော် ကိုယ်စားလှယ်များကို ဖြန့်ဝေပေးခဲ့ပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၃ခုနှစ် ဇန်နဝါရီလမှ မတ်လ(၃၁)ရက်အထိ သုံးလပတ်လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ၂၀၁၃ ခုနှစ် ဧပြီလ (၁)ရက်မှ ဇွန်လကုန်အထိ သုံးလပတ်လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို ကိုယ်စားလှယ်များသို့ ဖြန့်ဝေခဲ့ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးနှင့်  လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လည်း တင်သွင်းခဲ့ပါတယ်။

မိမိတို့လွှတ်တော်အနေနှင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ မျှော်လင့်ချက်၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကို အထောက်အကူပြုဖို့ မိုးနည်းရပ်ဝန်း အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်ရေးနှင့် သောက်သုံးရေဖူလုံလာစေရန် လစ်လပ်နေသော မြေလွတ်မြေရိုင်းများကို အထူးစီမံချက်များ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြအကူအညီ ရယူရေး အဆိုနှင့်အတူ ပြည်သူဗဟိုပြုသော အုပ်ချုပ်ရေးစနစ်များ ရပ်ကွက်/ ကျေးရွာများအထိ သက်ရောက်စေရေးအဆို၊ အားကစားအဆင့်အတန်း မြင့်မားရေး အလေးထားဆောင်ရွက်ရေးအဆို၊ စက်မှုလယ်ယာကဏ္ဍအရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေးအဆို၊ အခွန်တော်များတိုးတက်ရရှိရေး အဆို၊ လျှပ်စစ်ဓာတ်အားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးနှင့် လူမှုစီးပွားရေးဘဝများမြှင့်တင်ပေး ရေး အဆို၊ ကုန်စည်ဒိုင်များပေါ်ထွန်းရေး၊ အစုအဖွဲ့ဖွဲ့စည်းရေး၊ စည်းရုံးဆွေးနွေးလေ့ကျင့်ရေးအဆို၊ ဝန်ထမ်းများ၏ ရာထူးအဆင့်နှင့်လျော်ညီသော နေအိမ်များ ဆောက်လုပ်ပေးနိုင်ရေးအဆို၊ လမ်း တံတား များ စံချိန်မီ အကောင်အထည်ဖော်စေရေး ကြပ်မတ် ကွပ်ကဲဆောင်ရွက်ပေးရန်အဆို စသဖြင့် ကဏ္ဍစုံမှာ ဖြည့်ဆည်းနိုင်ရန် အဆို (၁၂)ခုကို တင်သွင်း ခဲ့ရာ အဆို(၂)ခုမှာ မှတ်တမ်းတင်ပြီး (၁၀)ခုကို အတည်ပြုခဲ့ပါတယ်။

ထို့အပြင် တိုင်းဒေသကြီး၏ ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနှုတ်မြောင်းနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်မည့် ဥပဒေပြဋ္ဌာန်းရန် အဆိုတစ်ရပ်ကိုလည်း တင်သွင်းခဲ့ ပါတယ်။

မိမိတို့လွှတ်တော်အနေနှင့် ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒများကို အခြေခံပြီး လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်း (၂၀၁)ခုကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီး ဌာနများ အပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများက ဖြေကြားပေးပြီးဖြစ်ပါတယ်။ ဖြေကြား ပေးရာ မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက (၁၃)ခု၊ စည်ပင်သာယာရေးဝန်ကြီး ဌာနက (၆၄)ခု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဌာနက (၃၆)ခု၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန က (၄)ခု၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာနက (၂)ခု၊လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနက (၁၇)ခု၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနက (၁၃)ခု၊ လူမှုရေးဝန်ကြီးဌာနက (၄၉)ခု ဖြေကြားခဲ့ပြီး တိုင်းဒေသကြီး တရားလွှတ်တော်က မေးခွန်း (၃)ခုကို ဖြေကြားခဲ့ပါသည်။ စုစုပေါင်းမေးခွန်း (၂၀၁)ခုကို ဖြေကြားခဲ့ပြီးဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၏ ပုဒ်မ-၇မှာ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ ပုဒ်မ-၃၅တွင် နိုင်ငံတော်၏ စီးပွားရေးစနစ် သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု အတိအလင်းပြဋ္ဌာန်းထားရှိတာအားလုံး အသိပင်ဖြစ်ပါ သည်။ ထို့အပြင် ပုဒ်မ ၁၂(က)တွင် နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေ အပ်နှင်းသည်ဟု မိမိတို့လွှတ်တော်များကို တာဝန်သတ်မှတ် ပြဌာန်း ပေးထားပါသည်။

မိမိတို့လွှတ်တော်များဟာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှုနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ဒီအတွက် မိမိတို့လွှတ်တော်ဟာ ဒီမိုကရေစီ စနစ်ကို အလေးအနက် ခံယူကျင့်သုံးဖော်ဆောင်ရမှာဖြစ်သလို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ လိုလည်း တာဝန်ရှိပါသည်။

ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။ တရား ဥပဒေစိုးမိုးမှသာ လူ့အဖွဲ့အစည်းကြားမှာ လွတ်လပ်ခြင်း၊ တန်းတူညီမျှရှိခြင်း၊ တရားမျှတခြင်း၊ တရားမျှတခြင်းတည်းဟူသော လောကပါလတရားများ ဖြစ်ထွန်းလာမှာဖြစ်ပါသည်။ တရားဥပဒေ စိုးမိုး ခြင်း မရှိလျှင် ဥပဒေအပေါ် (Above The Law)ဖြစ်စဉ်ဟာ ရှိနေမှာဖြစ်ပြီး ဥပဒေစိုးမိုးခြင်း၊ အုပ်ချုပ်ခြင်း(Ruled by law)ဖြစ်စဉ်ဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဥပဒေစိုးမိုးနိုင်ဖို့ လွှတ်တော်များဟာ မိမိတို့တာဝန်ဖြစ်သည့် ဥပဒေပြုခြင်းတာဝန်ကို ထိထိရောက်ရောက် ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ပါသည်။ ဒီအတွက်လာမည့် လွှတ်တော်ပုံမှန် အစည်းအဝေးများတွင် မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား(၂) ဥပဒေပြုစာရင်းမှာ ပါရှိတဲ့ ဥပဒေပြု အစည်းအဝေး များတွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား(၂) ဥပဒေပြုစာရင်းမှာ ပါရှိတဲ့ ဥပဒေပြုရန်ကိစ္စရပ်များကို ပြီးစီးအောင် တိုးတက်ကြိုးပမ်းကြရန် လိုအပ်ကြောင်း တင်ပြတိုက်တွန်း ပါသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူဗဟိုပြုကြရမှာဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံးဟာ နိုင်ငံတော် ၏ အရေးအရာကိစ္စအဝဝတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်လုပ် ဆောင်ခွင့် (Participation) ရှိရမှာဖြစ်ပါသည်။ ပြည်သူများဟာ မိမိကိုယ်တိုင်က အာဏာ(၃)ရပ်၊ မဏ္ဏိုင်(၃)ခုကို ရွေးချယ် တင်မြှောက် ပေးခွင့်ရှိသလို မိမိကိုယ်တိုင်ဥပဒေနှင့်အညီ ပါဝင်ရွေးချယ်တင် မြှောက် ခံပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါသည်။ ပြည်သူလူထုဟာ မိမိတို့လူ့အဖွဲ့ အစည်းကောင်းမွန်ရေး အတွက် ကိုယ်စီ တာဝန်ယူ၍ တာဝန်လည်းခံရမှာဖြစ်ပါသည်။ ဒီအတွက် ပြည်သူသာမက ပြည်သူ့ အကျိုးသယ်ပိုး လျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် မီဒီယာစတဲ့ မဏ္ဏိုင်များဟာ မိမိတို့ လူ့အဖွဲ့အစည်းတိုးတက်သာယာရေး၊ လောကပါလတရား များ ထွန်းကားရေး အတွက် တာဝန် ယူခြင်း (Responsibility)၊ တာဝန်ခံခြင်း (Accountability)နှင့် ပွင့်လင်းမြင်သာ ခြင်း (Transparancy)များကို ဖြစ်ထွန်းလာအောင် တာဝန်ယူဖော်ဆောင် တည်ဆောက်ပေးကြရမှာ ဖြစ်ပါတယ်။ လွတ်လပ်သော လူမှုအဖွဲ့အစည်း(Civil Society)များအဖို့ ဒီမိုကရေစီစနစ်ဟာ အထူးအရေးပါတဲ့အတွက် မိမိတို့လွှတ်တော်က မိမိတို့အပါအဝင် လူ့အဖွဲ့အစည်းများအတွင်း ယင်းဒီမိုကရေစီဆိုင်ရာ ယဉ်ကျေးမှုများ၊ ကျင့်ဝတ်များ၊ တာဝန်များ ဖြစ်ထွန်းလာရေးကိုလည်း အစဉ် ကြိုးစားကြရမှာဖြစ်ပါတယ်။

မိမိတို့လွှတ်တော်အနေဖြင့် အထက်ကတင်ပြခဲ့တဲ့ ဒီမိုကရေစီရေးရာလုပ်ငန်းများ ပီပြင်စွာ ပေါ်ထွန်းလာရေးသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းသာမက လွှတ်တော်က အတည်ပြု ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မတီများနှင့် အကြံပေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများသည် ပြည်သူများ အကြားတွင် ပြည်သူအသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေကို ပြည်သူ့ကိုယ်စား ရယူလာပြီး ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွှတ်တော်တွင် ဆွေးနွေးအကြံပြုကြလျက်မိမိတို့၏ အာဏာ(၃)ရပ်၊ မဏ္ဍိုင်(၃)ခုအတွင်းမှာ အချင်းချင်းအပြန်အလှန်ကူညီမှု၊ ထိန်းညှိမှု(check and Balance) တာဝန်ကို ထမ်းဆောင်ကြလျက် ပြည်သူ့ဘဝ တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ သာယာဝပြောမှုများ ဖြစ်ပေါ်အောင် တစ်စိုက်မတ်မတ်ဆောင်ရွက်ကြပါရန် တိုက်တွန်းဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။