၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ယနေ့ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးရဲ့ သတ္တမ ပုံမှန် အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာ အပေါင်း နဲ့ ပြည့်စုံကြပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ မိမိတို့တိုင်းဒေသကြီးလွှတ်တော်ရဲ့ သက်တမ်းဟာ ထက်ဝက်ကျော်လို့ တစ်လစွန်းလာပြီဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ သက်တမ်းထက်ဝက်တာ ကာလ အတွင်းမှာ ပုံမှန်အစည်းအဝေး (၆)ကြိမ်၊ အထူးအစည်းအဝေး (၂)ကြိမ်၊ စုစုပေါင်း အစည်း အဝေး (၈)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ မိမိတို့လွှတ်တော်ရဲ့ သက်တမ်းတစ်ဝက် တာကာလ မှာ လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနဲ့ စပ်လျဉ်း၍ ဥပဒေ(၁၇)ခု ပြဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေ(၃)ခုကို ဆွေးနွေးချက်များနှင့်အတူ ပြင်ဆင်အတည်ပြု ပေးခဲ့ပါတယ်။ လုပ်ထုံး လုပ်နည်း(၂)ခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၏ အစီရင်ခံစာ ၂၀၁၁-၁၂ ခုနှစ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများကိုလည်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဝေဖန်ဆွေးနွေးချက်များ၊ အကြံပြုချက်များနှင့်အတူ မှတ်တမ်း တင်နိုင်ခဲ့ပါ တယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လွှတ်တော်ပထမပုံမှန်အစည်းအဝေး မှသည် ပဉ္စမပုံမှန် အစည်းအဝေးကာလအထိ မေးမြန်းမှုအပေါ် ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာကိုလည်း ဖြန့်ဝေပေးပို့ မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်သက်တမ်းထက်ဝက်ကျော် ကာလမှာ လွှတ်တော်ရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ အပြန်အလှန်ထိန်းညှိမှု (Check and Balance)နှင့် စပ်လျဉ်း၍ ကြယ်ပွင့်ပြ မေးခွန်း (၇၂၉)ခုကို ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကြယ်ပွင့်မပြ မေးခွန်း(၂၀၈)ခု၊ စုစုပေါင်း (၉၃၇) ခုကို မေးမြန်းဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ ထို့အတူ အဆို(၆၄)ခု ကိုလည်း တင်သွင်းဆွေးနွေး ခဲ့ကြပါတယ်။ မှတ်တမ်းတင်ခြင်း (၁၂)ရပ်ကိုလည်း ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ “ ရတနာသိုက်” ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပေးရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို မေးမြန်းခဲ့ ပါတယ်။ ယင်းစကားရပ်အပေါ် ဆိုင်ရာဥပဒေရှိတဲ့အတွက် ဖြေကြားရန်မလိုတော့ကြောင်း မိမိ လွှတ်တော်မှ ထပ်မံအကြောင်းကြား ပေးပို့ခဲ့ကြောင်း အသိပေးလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မိမိတို့လွှတ်တော် သက်တမ်း တစ်ဝက်ကာလအတွင်းမှာ နိုင်ငံခြားဧည့်သည်များ ကို မိမိတို့ တိုင်းဒေသကြီးလွှတ်တော်မှ ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့ ပုဂ္ဂိုလ်ခရီးစဉ် များကတော့ ကိုရီးယားအလုပ်သမား ပါတီအတွင်းရေးမှူး၊ တရုတ်အမျိုးသားကွန်ရက် ဥပဒေရေးရာ ဥက္ကဋ္ဌ၊ လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အိန္ဒိယအောက်လွှတ်တော် ဥက္ကဋ္ဌခရီးစဉ်များနှင့် ဖိလစ်ပိုင်သံအမတ်ကြီး၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်း အချို့ ၏ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ ထို့အပြင် မိမိတို့လွှတ်တော်ကိုယ်စားလှယ် များ ဟာ လွှတ်တော်ရဲ့ အစီအစဉ်ဖြင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်များသို့ ကိုယ်စားလှယ်(၂)ဖွဲ့ ခွဲ၍ သွားရောက် လေ့လာခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ ဆည်တော်ကြီးသီးနှံ စိုက်ခင်းများ၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ တူးဖော်ပြုပြင်ခဲ့တဲ့ ဆည်ငယ်၊ ကန်ငယ်များ၊ စက်ရေတွင်းများကိုလည်း အစုအဖွဲ့ဖြင့် ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ပါတယ်။ မိမိတို့နှင့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များအတွင်း ပြည်သူများနှင့် တွေ့ဆုံခြင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ပုံမှန်ထိတွေ့ ကြိုးစားဆောင်ရွက်နိုင်ခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များဟာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ၊ အထောက်အကူပြုအဖွဲ့များ နှင့်လည်း ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မိမိတို့လွှတ်တော်သက်တမ်းတစ်ဝက်တာကာလ ဆောင်ရွက်ချက်များကို စိစစ်ကြည့်ရှုသုံးသပ်မယ် ဆိုရင် လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်သက်တမ်း အတွေ့အကြုံနည်းပါးနေသေးတဲ့ ကာလ ဖြစ်တဲ့အတွက် ဆောင်ရွက်မှုများ အားနည်းမှု၊ လိုအပ်မှုများရှိခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေကို ပြုခြင်းအပိုင်းမှာ အသွင်ကူး ပြောင်း ရေးကာလကို ဖြတ်ကျော် နေရတဲ့အတွက် မျှော်မှန်းချက်များထားပြီး ကြိုးစားသော်လည်း အချိန်ကုန်သလောက် ခရီးမပေါက်ခဲ့တာကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စား အဓိက ဖော်ဆောင် ကြရမယ့် လွှတ်တော်ကော်မတီများနှင့် လွှတ်တော် အကြံပေး အဖွဲ့တို့ကိုလည်း လေ့လာချင့်ချိန်ပြီးမှ အချိန်ယူ ဖွဲ့စည်းခဲ့ရခြင်း၊ မြင့်မားအောင် စောင့်ဆိုင်း ကြိုးပမ်းနေရတဲ့အတွက်လည်း လျင်မြန် သွက်လက်မှု အားနည်းနေဆဲဖြစ်တာကို တွေ့ရပါတယ်။ သို့သော်လည်း လွှတ်တော်သက်တမ်း ကျန်ရှိတဲ့ ထက်ဝက်ကျော်ကာလမှာ လွှတ်တော် လုပ်ငန်းများ ဟာ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ ယခုကျင်းပ နေတဲ့ သတ္တမပုံမှန်အစည်းအဝေးမှာ လွှတ်တော်က အဓိကထား ဆောင်ရွက်ပေးရမယ့် လုပ်ငန်းများ အနေနဲ့ အစားထိုးတာဝန် ထမ်းဆောင်ကြရမယ့် တပ်မတော်သား ကိုယ်စားလှယ်များ ကတိသစ္စာပြု ခြင်း၊ နိုင်ငံတော်သမ္မတ သဝဏ်လွှာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိပါတယ်။ ဥပဒေကြမ်း (၂)ရပ်ဖြစ်တဲ့ မန္တလေး တိုင်းဒေသကြီး၊ ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် မန္တလေး တိုင်းဒေသကြီး တိရိစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်းရေးဆိုင်ရာ ဥပဒေကြမ်းများကို လက်ခံဆွေးနွေး အတည်ပြုပေးပါရန် လိုအပ်ပါတယ်။ ထိုအပြင် မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ နည်းဥပဒေကိုလည်း လိုအပ်သလို အကြံပေးဆွေးနွေး လျက် အတည်ပြုဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ အလျဉ်းသင့် သလို တဆက်တည်း တင်ပြရရင် ပြီးခဲ့တဲ့ ဆဌမပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့ မန္တလေး တိုင်းဒေသကြီး အတွင်း ကျေးရွာ ချင်းဆက်လမ်းများ ဥပဒေကြမ်းကိုတော့ ရေးဆွဲနေဆဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေဆဲဖြစ်တဲ့ အတွက် ယင်းဥပဒေကြမ်းကို စောင့်ဆိုင်း ရေးဆွဲ လျက်ရှိကြောင်း အသိပေးပြောကြားလိုပါတယ်။ အလားတူစွာ မန္တလေးမြို့တော် စည်ပင် သာယာရေးအဖွဲ့ ဥပဒေကြမ်းကိုလည်းလာမည့် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ တင်သွင်းနိုင်ဖို့ စီစဉ်နေကြောင်းကိုလည်း အသိပေးလိုပါတယ်။ ယခုပုံမှန်အစည်းအဝေးမှာ အဓိကထား ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတစ်ရပ်ကတော့ မန္တလေးတိုင်းဒေသကြီးရဲ့ ၂၀၁၃-၁၄ ခုနှစ်၊ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာလျာထားချက်နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၁၉၃)(ခ)အရ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၄၅ အရ လည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းလာမှုအပေါ် အကြံပြုဆွေးနွေး ပေးကြဖို့ ဖြစ်ပါတယ်။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းတဲ့အဆို ၁၄ ခုနဲ့ ကြယ်ပွင့်ပြ မေးခွန်း ၂၂၁ ခုကိုလည်း ဖြေကြားဆောင်ရွက်ရန် ရှိပါတယ်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးနှင့် လွှတ်တော်ရေးရာကော်မတီ၏ တင်ပြချက်အစီရင်ခံစာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက် ပြီးစီးမှု အခြေအနေ အစီရင်ခံစာများကိုလည်း ဝေဖန် ဆွေးနွေးအကြံပေးကြဖို့ ဖြစ်ပါ တယ်။ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ ပြည်သူ့အသံ လွှတ်တော်အသံ” “ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ” “ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်”ဆိုတဲ့ ဆောင်ပုဒ်ကို အစဉ်သတိချပ်၍ ဆောင်ရွက် နေကြရမှာဖြစ်ပါတယ်။ ဆောင်ရွက် ကြရာမှာ မိမိတို့ လွှတ်တော်ရဲ့ အဓိကတာဝန်များ ဖြစ်တဲ့ ဥပဒေပြုခြင်းဖြင့်လည်းကောင်း၊ မဏ္ဍိုင် (၅)ခုရဲ့အကြားမှာ အပြန်အလှန်စိစစ်ကူညီ ထိန်းညှိခြင်း ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ မိမိတို့ ပြည်သူများရဲ့ အပေါ် မှာ တာဝန်ကျေပွန်အောင် ထိရောက်စွာ အကျိုးပြု ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ထိမ်းရွက် နိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ ကော်မတီ များ စုစည်းပေါင်းစပ်ခြင်း ဖြင့်လည်းကောင်း၊ ကျန်ရှိတဲ့သက်တမ်းထက်ဝက် ကာလမှာ အရှိန်အဟုန် မြှင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။