အားလုံးမင်္ဂလာပါ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ- ဒေသအကျိုးအတွက် အောင်မြင်စွာ ဆောင်ရွက် နိုင်ကြပါစေလို့ ဦးစွာ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းဟာ ၂နှစ်နဲ့၇လရှိခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ၂နှစ်နဲ့ ၅လကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပထမအကြိမ် လွှတ်တော်သက်တမ်း တစ်ဝက်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဖြတ်ကျော်ရတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက တိုင်းဒေသကြီးအတွက် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးရေးကို များစွာကြိုးစားခဲ့ကြရပါတယ်။ ထို့အတူ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း များအတွက် အစီအမံများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြရပါတယ်။
တိုင်းဒေသကြီးအစိုးအဖွဲ့၏ ရပ်တည်ချက်သည် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ လိုအပ်ဆန္ဒကို ဖြည့်ဆည်းပေးရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ဖြစ်တဲ့အတွက် မိမိတို့ရဲ့ ရပ်တည်ချက် မပျောက်စေရေးနှင့် လမ်းမလွဲစေရေးတို့ကို အထူးသတိထားပြီး ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးချမှတ်ထားတဲ့ ပြည်သူဗဟိုပြုလုပ်ငန်းဖြစ်စေရေးနှင့် အောက်မှ အထက်သို့ တင်ပြဆောင်ရွက်ခြင်းများဟာလည်း အမိအရဆုပ်ကိုင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
-လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ယခုနှစ်ဆန်းပိုင်းက အစပြုပြီး ပြောင်းလဲဆောင်ရွက်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးစနစ် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များဟာ ခုဆိုရင် အတော်အတန်အသင့် ခရီးရောက်ခဲ့ပါပြီ။ မတွေ့ကြုံဘူး သေးတဲ့ အတွေ့အကြုံများ၊ ဆောင်ရွက်ဖူးခြင်း မရှိသေးတဲ့ ဆောင်ရွက်ချက်များမှာ ဥပဒေနဲ့အညီ ဖြစ်အောင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှုဖြစ်အောင် အခြေအနေအချိန်အခါနှင့် ကိုက်ညီတဲ့ ဆောင် ရွက်မှု တွေဖြစ်အောင်ထိရောက်တဲ့ အကျိုးရလဒ်များ ဖြစ်ပေါ်အောင် လုပ်ငန်းများ လျင်မြန်သွက် လက် လာအောင်၊ လူထုအကျိုးပြုလုပ်ငန်းများ ဖြစ်မြောက်အောင် လုပ်ဆောင်ကြရပါတယ်။ ထို့ပြင် အဆင့်ဆင့်သော စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ စည်ပင်သာယာရေးအကြံပေးအဖွဲ့များရဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုများဟာလည်း ယခုအခါမှာ သင့်တင့်သော အရှိန်ရရှိလာပြီ ဖြစ်ပါတယ်။ လိုအပ်ချက် များရှိနေသေးသော်လည်း အချိန်တိုအတွင်း မှာ အုပ်ချုပ်ရေးယန္တရား ပုံသဏ္ဍာန်အသစ်နဲ့ ပုံဖော် ဆောင်ရွက်နေချိန်မှာ လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း မိမိတို့ဒေသအကျိုးကို မျှော်ကိုးပြီး ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် လည်း အချိန်တိုအတွင်း အုပ်ချုပ်ရေးယန္တရား ပုံပေါ်လာတာဖြစ်ပါတယ်။ ဒီအတွက်လည်း လွှတ်တော် ကိုယ်စားလှယ်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အထူးကျေးဇူးတင်ပါတယ်။
ပြီးခဲ့တဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးနဲ့ ယခုသတ္တမပုံမှန်အစည်းအဝေးနှစ်ခုအကြားမှာ နယ်မြေ အေးချမ်းတည်ငြိမ်ရေးနှင့် ပတ်သက်သော ကိစ္စရပ်များ၊ ပူပြင်းတဲ့ရာသီဥတုနဲ့အတူ အရေးကြီး လိုအပ်သော သောက်သုံးရေဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ ရေရရှိရေးကို အထူးအရေးကြီးကိစ္စ ရပ်အနေ နဲ့ ဖြေရှင်းဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါတယ်။
မတ်လအတွင်း မိတ္ထီလာမြို့ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အေးချမ်းတည်ငြိမ်မှု အမြန် ရရှိ အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရားဥပဒေအတိုင်း လျင်လျင်မြန်မြန် ဆောင်ရွက်နိုင် ခဲ့ပါ တယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြည်သူလူထုအတွင်း ကြောက်ရွံ့စိုးရိမ်စိတ်များ ပပျောက်ရေး၊ သံသယ စိတ်များ ပပျောက်ရေး၊ ယုံကြည်မှုရှိရေးတို့ကို အမြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခြေအနေ များ တည်ငြိမ်ကောင်းမွန်တိုးတက်မှုရှိလာတဲ့အတွက် ၂၀၁၃ခု ဇူလိုင်လမှစ၍ အရေးပေါ် အခြေအနေ ကြေငြာမှု ရုပ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည့်နည်းတူ ယခုအခါ ညမထွက်ရ အမိန့်များ၊ အချိန်များ၊ လျော့ပါးပေးနေပြီ ဖြစ်ပါတယ်။ ယခုအခါ ပြန်လည်နေရာချထားရေးကိစ္စကို စီစဉ်ဆောင်ရွက် လျက်ရှိ ပါတယ်။
တိုင်းဒေသကြီးအတွင်း ၂၀၁၂ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့ပါတယ်။ ဒါကြောင့် ဆည်/ကန်များ ခန်းခြောက်လာခဲ့ပါတယ်။ ယခင်ရေမခန်းဖူးတဲ့ ဆည်/ကန် အချို့ ရေခန်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သောက်သုံးရေများ ရှားပါးခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးရဲ့ ခွင့်ပြုချက်နဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆည်/ကန် ၂၀၆ကန်ကို ပြန်လည်တူးဖော်ခြင်း၊ စက်ရေတွင်း ၂၃၁တွင်း တူးဖော်ြခင်းများကို အလျင်အမြန် ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူလူထု အလိုအပ်ဆုံး ဖြစ်တဲ့ရေကို အလိုအပ်ဆုံးအချိန်မှာ အချိန်မီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ထိုဆည်/ ကန်များမှာ ရေဝင်နေပြီဖြစ်တဲ့အတွက် အချို့သောက်သုံးရေ၊ အချို့ ဆည်/ကန်များမှ စိုက်ပျိုးရေများ ရယူသုံးစွဲ နေကြပြီးဖြစ်ရာ ယခုနှစ်တွင် ထပ်မံမိုးခေါင်မှုအပေါ် အထိုက်အလျောက် အထောက်အပံ့ ဖြစ်ခဲ့ပါ တယ်။ သောက်သုံးရေအတွက် စက်ရေတွင်းများ တူးဖော်ခဲ့ရာမှာ ယခင်က ရေခါးသာ ထွက်ရှိသော ကျေးရွာအချို့မှာ ရေချိုထွက်ရှိလာခြင်းကြောင့် ပြည်သူလူထုအတွက် ချက်ခြင်း အကျိုးကျေးဇူး ရရှိခဲ့ပါတယ်။ ယခု တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကူညီပံ့ပိုးမှုများနှင့် အတူ ရရှိလာသော ပြည်သူ့အတွက် အကျိုးရလဒ်ဟာ တိုင်းဒေသကြီးအတွက် မှတ်တမ်းတစ်ခု ဖြစ်ပါ တယ်။
ယခုနှစ်မှာလည်း ဆက်လက်ပြီး မိုးခေါင်ခဲ့ပြန်ပါတယ်။ မြင်းခြံခရိုင်အတွင်းမှာ သီးနှံများ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ ဒါကြောင့် သမ္မတကြီးရဲ့ စီစဉ်မှုများနဲ့ ၎င်းပျက်စီးယာမြေများ ပြန်လည် ထွန်ယက်ရေးအတွက် စက်များ ကူညီခြင်း၊ မျိုးသီးနှံများ ကူညီခြင်းတို့ကို အချိန်မီ ဆောင်ရွက်ခဲ့ရာ အထိုက်အလျောက်ဝင်ငွေ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အညာဒေသဟာ မိုးနည်းတဲ့အတွက် မိုးမျှော်ရတဲ့ ကိစ္စရပ်ဟာ တောင်သူ အတွက် လွန်စွာပင်ပန်းပါတယ်။ ဒါကြောင့် လယ်/ယာများမှာ မိုးမျှော်ရန်မလိုတဲ့ စက်ရေတွင်း တူးဖော်မှု စီမံကိန်းတို့ကို ပြည်ထောင်စု အစိုးရရဲ့ ပံ့ပိုးမှုနဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ် အတွင်း စက်ရေတွင်းပေါင်း(၃၉၂၄)တွင်းတူးပြီး တောင်သူတွေရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှာဖြစ်ပါ တယ်။ ဆက်လက်ပြီး လိုအပ်နေသေးတဲ့ လယ်ယာတွေမှာ တူးဖော်သွားမှာ ဖြစ်ပါတယ်။
ယခင်နှစ်နဲ့ ယခုနှစ် အတွေ့အကြုံများအရ မိုးခေါင်ရေရှားဒေသများဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ ဒေသဖွံ့ဖြိုးရေးနဲ့ စိမ်းလန်းစိုပြေရေး အထူးစီမံချက်တစ်ခု ရေးဆွဲ အကောင်အထည်ဖော်ဖို့ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့ပါတယ်။ ဒါကြောင့် ၁၀-၉-၂၀၁၃ ရက်နေ့ မှာ ဒုသမ္မတ(၁)ဦးစီးပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ယခုပြုလုပ်တဲ့ စီမံချက်ဟာ မန္တလေး တိုင်းဒေသကြီးအတွက် ရေရှည်အထူးအကျိုးရှိလာမယ့် အစီအစဉ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ယခု လွှတ်တော်သက်တမ်းတစ်ဝက်၊ အစိုးရသက်တမ်းတစ်ဝက် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျန်ကာလတစ်ဝက် လပေါင်း(၃ဝ)မှာ ပြည်သူလူထု ဗဟိုပြု ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အနေ ဖြင့် မိမိတို့ဒေသအတွက် ဖြည့်ဆည်းပေးရမယ့် လုပ်ငန်းများကို အသေးစိတ်ကွင်းဆင်း ကြည့်ရှု လေ့လာပြီး တိုင်းဒေသကြီးအစိုးရမှ ရေးဆွဲလျက်ရှိသော လ (၃ဝ) စီမံချက်အပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
ယခု ကျွန်တော်၏တင်ပြချက်များကို ကြည့်မယ်ဆိုရင် အချိန်တိုကာလအတွင်းမှာ လုပ်ငန်း ပေါင်းများပြားစွာ ဆောင်ရွက်ခဲ့သည့်နည်းတူ ရှေ့အစီအမံများကိုလည်း ဆက်တိုက် ဆောင်ရွက်လျက် ရှိပါတယ်။ ထို့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များဟာ အချိန်မီ ဆောင်ရွက် နေကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တစ်တွေရဲ့ တစ်ဦးချင်း ဆောင်ရွက်နိုင်မှု စွမ်းအား များကို အားလုံးက စိတ်တူကိုယ်တူ စုစည်းညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ပြီး ပြည်သူအတွက် အလုပ်အကျွေးပြု ဆက်လက်ကြိုးပမ်းကြပါရန် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။