၂၀၁၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးဟာ (၁၂)ရက် မြောက်နေ့အဖြစ် ယခုကျင်းပနေဆဲဖြစ်ပြီး မကြာမီပြီးမြောက်တော့မှာ ဖြစ်ပါတယ်။ ယခုအစည်း အဝေးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းခဲ့သော “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း” “၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၃ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” တို့ကို လည်းကောင်း၊ “မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေကြမ်း” ကိုလည်းကောင်း လွှတ်တော်တွင် အကြံပြုဆွေးနွေးချက်များနှင့်အတူ အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ ယင်းဥပဒေ ကြမ်း (၃) ရပ်အပြင် မန္တလေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆု ပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ နည်းဥပဒေများကိုလည်း ဝေဖန်ဆွေးနွေး အကြံပေးချက်များနှင့်အတူ အတည်ပြုပေးနိုင်ခဲ့ပါသည်။

          တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များဖြစ်ကြတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးတိုင်းဒေသကြီးဘတ်ဂျက်ပါ ဌာနအဖွဲ့အစည်းများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေခွင့်ပြုလျာထားငွေဘောင်အတွင်းမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း များကို အတည်ပြုပေး နိုင်ခဲ့ပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၏ အစီရင်ခံစာ၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏တင်ပြချက် အစီရင်ခံစာ၊ ၂၀၁၁-၂၀၁၂ခုနှစ် မန္တလေးတိုင်း ဒေသကြီးစာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများကိုလည်း လွှတ်တော်ကိုယ်စားလှယ် များ ဝေဖန်ဆွေးနွေးချက်၊ အကြံပြုချက်များနှင့်အတူ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အလားတူစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှ ပဉ္စမပုံမှန်အစည်းအဝေး အထိ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ အစီရင်ခံစာ ကိုလည်း ဖြန့်ဝေပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          မိမိတို့လွှတ်တော်အနေနဲ့ ပြည်သူများ၏ သောက်သုံးရေအခက်အခဲအား အချိန်မီစီစဉ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်ပေးနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့်အတူ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရန်၊ လိုအပ်ချက်များဖြည့်ဆည်းပေးရေးအဆို၊ ၂၀၁၃ ခုနှစ် မိုးရာသီအမီ ထင်းစိုက်ခင်းများနှင့် တစ်အုပ် တစ်မ စိုက်ခင်းများစိုက်ပျိုးနိုင်ရေးအဆို၊ ခေတ်မီစနစ်တကျလယ်ယာမြေများ တိုးချဲ့ဖော်ထုတ်ပေး ရေးအဆို၊ ကျောက်မျက်ရတနာ၊ နိုင်ငံတကာ‌ဈေးကွက်နှင့်အညီ အဆင့်မီဈေးကွက် ဖော်ဆောင်ပေး ရေးအဆိုများ အပါအဝင် အဆိုပေါင်း(၁၅)ရပ်ကို တင်သွင်းခဲ့ရာ ဝေဖန်ဆွေးနွေးအကြံပေးချက်နှင့် အတူ အဆို (၁၂)ရပ်ကို အတည်ပြုနိုင်ခဲ့ပြီး၊ အဆို(၃)ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

          ထို့အပြင် ဤပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၁၈၉)ခုကို မေးမြန်းခဲ့ပါတယ်။ မေးမြန်းချက်များအပေါ် တိုင်းဒေသကြီး တရား လွှတ်တော်မှမေးခွန်း(၃)ခု ဥပဒေချုပ်ရုံးမှမေးခွန်း(၁)ခုနှင့် ဝန်ကြီးဌာန(၈)ခုက မေးခွန်း(၁၈၅) ခုကို ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          မိမိတို့လွှတ်တော်အနေနဲ့ ဤပုံမှန်အစည်းအဝေးတွင် ဥပဒေ(၃)ရပ်ကို ပြဋ္ဌာန်းနိုင်ခဲ့တဲ့အပြင် ဥပဒေပြဋ္ဌာန်းရေးနှင့်စပ်လျဉ်း၍ “တိုင်းဒေသကြီးက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ကျေးရွာချင်းဆက်လမ်း ဥပဒေ” တစ်ရပ်ရေးဆွဲပြဋ္ဌာန်းရေးကိုလည်း အဆိုတင်သွင်းအတည်ပြုခဲ့ပါတယ်။ ထို့အပြင် “တိုင်းဒေသကြီး အတွင်း ကျောက်ဖြတ်ခြင်း၊  သွေးခြင်း၊ ဥပဒေရေးဆွဲရေးအဆိုကိုလည်း တင်သွင်းအတည်ပြုခဲ့သဖြင့် လာမည့် သတ္တမပုံမှန်အစည်းအဝေးအမီ ယင်းဥပဒေကြမ်း (၂) ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          မိမိတို့လွှတ်တော်အနေနဲ့ လွှတ်တော်ရဲ့ အဓိကတာဝန်(၂)ရပ်ဖြစ်တဲ့ ဥပဒေပြုခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းညှိခြင်း၊ ကူညီခြင်း (Check and Balance)ဆိုတဲ့ လုပ်ငန်းတာဝန်များ ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထမ်းဆောင်လျက်ရှိပါတယ်။ ပြည်သူများကို အကျိုးပြုမဲ့ ဥပဒေများ ပေါ်ထွန်းလာရေးအတွက် အစဉ်ကြိုးစားထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့လွှတ်တော်အနေနဲ့ ဥပဒေပြုခြင်းနှင့်အတူ ဥပဒေများအပေါ် ကျယ်ပြန့်စွာသိရှိလိုက်နာရေးမှသည် ဥပဒေစိုးမိုးမှု ရရှိရေး ကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          ဒီမိုကရေစီကျင့်စဉ်နှင့် ယဉ်ကျေးမှုများ ပီပြင်စွာ ဖြစ်ပေါ်လာရေးဆောင်ရွက်ရာမှာလည်း ဥပဒေစိုးမိုးရေးဟာ အဓိကကျလျက်ရှိတာကို သတိပြုကြရမှာဖြစ်ပါတယ်။ ဥပဒေစိုးမိုးမှုမရှိလျှင် ထင်ရာစိုင်းတတ်တဲ့ အစွန်းရောက်မင်းမဲ့စရိုက်လက္ခဏာများ ပေါ်ပေါက်လာမှာဖြစ်ပြီး လူတစ်ဦးချင်း၊ ဒေသတစ်ခုချင်းမှသည် နိုင်ငံတော်အဆင့်ထိ တည်ငြိမ်အေးချမ်းမှု၊ စည်ပင်သာယာမှု ပျောက်ကွယ် သွားကြမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှု လုံးဝပျောက်ကွယ်သွားလျှင် နိုင်ငံနှင့်တိုင်းပြည်ပါ ပျက်စီး ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီအတွက် ပြည်သူများအတွင်း ဥပဒေဆိုင်ရာ အသိပညာဗဟုသုတ မြင့်မားစွာ စိမ့်ဝင်ပျံ့နှံ့ရေးကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်သာမက စာနယ်ဇင်းများ၊ မီဒီယာများပါဝင်သော စတုတ္ထမဏ္ဍိုင်မှလည်း ပေါင်းစပ်ပြီး တည့်မတ်နိုင်ရန်အတွက် ထိန်းညှိခြင်းတာဝန်ကို ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          မိမိတို့ဟာ ပြည်သူများက ရွေးချယ်တင်မြှောက်တာဝန်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ် များ ဖြစ်တာနဲ့အညီ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေကို အစဉ်အမြဲဦးထိပ်ထား ပြီး ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးများကြားမှာ ပြည်သူများ နဲ့အကြိမ်ကြိမ်ထိတွေ့ကြလျက် ပြည်သူ့လိုအပ်ချက် အခက်အခဲတွေကို ထိထိမိမိဖြစ်အောင် အလေး ထားကူညီ ဖြည့်ဆည်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အလားတူစွာ မိမိတို့လွှတ်တော်က အတည် ပြုပြဋ္ဌာန်းခဲ့တဲ့ ဒေသန္တရစီမံကိန်းဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း တိုင်းဒေသကြီးအစိုးအဖွဲ့က ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရာမှာ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် လိုအပ် သောပေါင်းစပ်မှု၊ အကြံပေးမှုနှင့် အချင်းချင်းအပြန်အလှန်ထိန်းညှိခြင်း၊ အကူအညီခြင်း (Check and Balance) တာဝန်ကို ကျေပွန်စွာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

          ဒေသနေပြည်သူများရဲ့အကျိုးကို သယ်ပိုးကြရာမှာ မိမိတို့လွှတ်တော်သည် ကိုယ်စားလှယ် တစ်ဦးချင်း၏ အင်အားသာမက လွှတ်တော်ကအတည်ပြု ဖွဲ့စည်းပေးခဲ့ပြီးဖြစ်တဲ့  လွှတ်တော် ကော်မတီများရဲ့ စုပေါင်းအင်အားဖြင့် လွှတ်တော်ရဲ့အဓိကတာဝန်(၂)ရပ်ကို ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်မယ်လို့ ယုံကြည်မျှော်မှန်းထားကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ လွှတ်တော် ကော်မတီများအနေနဲ့ ကော်မတီအလိုက် သက်ဆိုင်တဲ့လုပ်ငန်းရပ်များနဲ့ စပ်လျဉ်းပြီး သိသင့်သိထိုက် တဲ့ ဥပဒေရေးရာနှင့် အချက်အလက်များကို ပြည့်စုံစွာရရှိဆည်းပူးနိုင်အောင်  အစဉ်အမြဲ စုဆောင်းနေ ကြရန် တိုက်တွန်းအကြံပြုလိုပါတယ်။ အခြားတစ်ဖက်မှာလည်း  လုပ်ငန်းကော်မတီနှင့် သက်ဆိုင် ရာဥပဒေများကို လေ့လာဆည်းပူးလျက် ပြည်သူများအကြား၊ ပြည်သူ့ဘဝ၊ ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့မျှော်မှန်းချက်များနှင့် ပေါင်းစပ်ကာ မိမိတို့ရဲ့ စွမ်းဆောင်ရည် (Capacity) များကိုလည်း မြင့်မားလာအောင် ဖြည့်ဆည်းနေကြဖို့ အကြံပေးလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား_

မိမိတို့လွှတ်တော်ရဲ့လာမည့်သတ္တမပုံမှန်အစည်းအဝေး မကျင်းပမီကာလအတွင်းမှာ မိမိတို့ အနေနဲ့ ကိုယ်စားလှယ်တာဝန်၊ လွှတ်တော်ကော်မတီတာဝန်များနှင့် ပြည်သူများရဲ့ဘဝနှင့် ဒေသ လိုအပ်ချက်များကို လေ့လာရန်၊ ပြည်သူ့ဆန္ဒ မျှော်မှန်းချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်းနိဂုံးချုပ်ပါတယ်။