လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ယနေ့ကျင်းပပြုလုပ်တဲ့မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
မိမိတို့တိုင်းဒေသကြီး လွှတ်တော်ဟာ သက်တမ်း (၂) နှစ်ပြည့်လို့ (၂) လခန့်ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ မိမိတို့ လွှတ်တော်သက်တမ်းရဲ့ ထက်ဝက်နီးပါးကာလရောက်ရှိနေပြီဆိုတာ အားလုံး သတိပြုမိ ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလအတွင်းမှာ လွှတ်တော်ပုံမှန် အစည်းအဝေး(၅)ကြိမ်၊ အထူး အစည်းအဝေး (၂) ကြိမ်၊ စုစုပေါင်းအစည်းအဝေး (၇) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
ကျင်းပပြီးစီးသွားတဲ့ အစည်းအဝေးများမှာ ဥပဒေ (၁၄) ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ နည်းဥပဒေ (၂) ခုကို ဆွေးနွေးချက်များနှင့်အတူ ပြင်ဆင်အတည်ပြု ပေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်း (၂) ခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးများမှာ ကြယ်ပွင့်ပြမေးခွန်း (၅၃၉) ခုများကို မေးမြန်းဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ အဆို (၄၇) ခု ကိုလည်း တင်သွင်းဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ မှတ်တမ်းတင်ခြင်း (၇) ရပ်ကိုလည်း ဆောင်ရွက် ခဲ့ကြပြီး ဖြစ်ပါတယ်။
ဤဆဋ္ဌမပုံမှန်အစည်းအဝေးမတိုင်မီ နိုင်ငံခြားဧည့်သည်များကို ဤတိုင်းဒေသကြီးလွှတ်တော် မှ ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ်/ခရီးစဉ်များကတော့ (၁၃-၆-၂၀၁၃) ရက်နေ့မှာ ကိုရီးယားအလုပ်သမားပါတီ အတွင်းရေးမှူး၊ (၂၇-၁၁-၂၀၁၂) ရက်နေ့မှာ တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ဥပဒေရေးရာဥက္ကဋ္ဌ၊ (၂၂-၁-၂၀၁၃) ရက်နေ့မှာ လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ (၁၄-၃-၂၀၁၃)ရက်နေ့ အိန္ဒိယအောက်လွှတ်တော် ဥက္ကဋ္ဌ ခရီးစဉ်များဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ယခုကျင်းပလျက်ရှိသော လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးမှာ ၂၀၁၃-၂၀၁၄ ခုနှစ်
မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်သွင်း ရန်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကြမ်းကိုလည်း တင်သွင်းဖို့ ရှိပါတယ်။ နည်းဥပဒေ (၁) ခုကိုလည်း ဆွေးနွေးရန်ရှိပါတယ်။
ထိုနည်းတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်စသော တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများက အဖွဲ့အလိုက်ဆောင်ရွက်ချက် အစီရင်ခံစာများကို တင်သွင်းရန်ရှိပါတယ်။ အလားတူစွာ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီက အစီရင်ခံစာ တင်သွင်းရန်ရှိပြီး၊ ထို့အပြင် အဆို (၁၆) ရပ်နှင့် ကြယ်ပွင့်ပြမေးခွန်း (၁၉၄) ခုကို မေးမြန်းဖြေကြားဆောင်ရွက်ရန်ရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
မိမိတို့ လွှတ်တော်သည် မိမိတို့ တိုင်းဒေသကြီးအတွက် အရေးကြီးတဲ့ ဖော်ပြပါ ဥပဒေ (၃) ရပ်နဲ့စပ်လျဉ်း၍ ဒေသနေပြည်သူများရဲ့ အကျိုးစီးပွားအလို့ငှာ စနစ်တကျ ဖတ်ရှုလေ့လာ၍ ဆွေးနွေး အတည်ပြုပေးဖို့ လိုပါတယ်။ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဥပဒေကြမ်း (၂)ရပ်လုံးသည် လာမည့် (၂၀၁၃-၂၀၁၄) ခုနှစ်အတွက် လုပ်ဆောင်ဖွယ်ရာ လျာထားချက်များဖြစ်ပါတယ်။ ထိုနည်းတူ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကြမ်းသည်လည်း တိုင်းဒေသကြီး အတွင်းရှိ ပြည်သူတစ်ရပ်လုံးရဲ့ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု စည်ပင်သာယာမှုဆိုင်ရာ ပြဋ္ဌာန်းချက် များ ဖြစ်ပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ ပဉ္စမပုံမှန်အစည်းအဝေးမှာ လွှတ်တော်အနေနဲ့ လွှတ်တော်ကော်မတီ (၁၁) ရပ်နှင့် အကြံပေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်ကော်မတီများ အနေနဲ့ လည်း မိမိတို့ကော်မတီနှင့်သက်ဆိုင်တဲ့လုပ်ငန်းဆိုင်ရာ အခြေခံစာရင်းဇယား၊ အချက်အလက်များကို စုစည်းလျက်ရှိပါတယ်။ ပြည်သူ့အကျိုးအတွက် လုပ်ငန်းတချို့ကိုလည်း လွှတ်တော်သို့ တင်ပြရန် စတင်လေ့လာလျက်ရှိနေတာကို သိရှိရပါတယ်။
မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ၊ လွှတ်တော်အသံ”၊ “ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ” ဆိုတဲ့ ဆောင်ပုဒ်များနှင့်အညီ ပြည်သူများ အကြား ဒေသအနှံ့ရှိ ဖြစ်ရပ်မှန် အခြေအနေများကိုလွှတ်တော်သို့ တင်ပြဆောင်ရွက်ခြင်းဖြင့် ပိုမို အကျိုးပြုကြရမှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ “ပြည်သူတို့၏ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ လွှတ်တော်ကော်မတီများသည် ပြည်သူတို့၏ မျှော်လင့် ချက်များ၊ ဒေသလိုအပ်ချက်များကို ဒေသအနှံ့ ကွင်းဆင်းလျက်၊ လွှတ်တော်သို့ ထိရောက်စွာ ဆက်စပ်အကြံပေးတင်ပြဆောင်ရွက်ကြပါရန် တိုက်တွန်းလျက် နိဂုံးချုပ်အပ်ပါတယ်။