၂၀၁၃ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ ပြောကြားသည့် မိန့်ခွန်း

အားလုံးမင်္ဂလာပါ

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းကျန်းမာကြပါစေလို့ ဦးစွာ ဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ သက်တမ်းဟာ (၂) နှစ်ရှိခဲ့ပါပြီ။ ထို့အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာလည်း မကြာမီ ရက်ပိုင်းအတွင်း (၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီ (၂) နှစ်တာကာလ ကျော်လွန်လာခြင်းနှင့်အတူ ပြည်သူလူထု အကျိုးပြုလုပ်ငန်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည် ဖော်ခြင်းတို့ကို ပြင်းထန်စွာ ကြိုးစားဆောင်ရွက်ခဲ့ကြရပါတယ်။ ခေတ်သစ် စနစ်သစ်များနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့ဟာ ပထမဆုံးသောရွေးကောက်ခံများ ဖြစ်တာနဲ့အညီ အခြေခံအုတ်မြစ်ကို စတင်ချထား ထူထောင်သူများ ဖြစ်ကြတဲ့အတွက် ပြင်းပြင်းထန်ထန် ကြိုးစား ကြရခြင်းဖြစ်ပါတယ်။ နိုင်ငံတော် အတွက် မန္တလေးတိုင်းဒေသကြီးအတွက် မှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။

          ဒီကနေ့ အစိုးအရအဖွဲ့ရဲ့ရပ်တည်၊ ဆောင်ရွက်ချက်များသည် ပြည်သူလူထုလိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေး၊နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနေသည့် အခြေအနေများမှာ ယခု တက်ရောက်လျက် ရှိသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ တင်ပြချက်များ အပါအဝင်အစိုးရအဖွဲ့ဝင်များ နယ်မြေ ဆင်းချိန်များတွင် လူထု၏တင်ပြချက်များလည်းပါဝင်ပါတယ်။ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများတွင် စီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ခြင်း၊ နယ်မြေအတွက် အမှန်လိုအပ် နေသော အခြေအနေများ ဖြည့်ဆည်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့ သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးတွင် တိုင်းဒေသကြီး၏ စီမံကိန်း လုပ်ငန်းများ တင်သွင်းခဲ့ပါတယ်။ ယင်းစီမံကိန်းကြီးများ၏ အဓိကရည်ရွယ်ချက်တွင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်သည့်အပြင် ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးများပါဝင်ပါတယ်။ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ ဒေသခံပြည်သူလူထုထိခိုက်နစ်နာမှု မရှိစေရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ ထိခိုက်မှုများ မရှိစေရေးများ အပါအဝင် ပြည့်စုံစွာ ထည့်သွင်းစီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် ရှင်းလင်းတင်ပြပြီးခဲ့သော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလား အပ်သော အနှောင့်အယှက်များဖြစ်ခဲ့ရာ ပြန်လည်စိစစ်ရာတွင် ရရှိသည့်အခွင့်အရေးထက် ပိုမို လိုလားရရှိရေး အတွက်ဖြစ်ကြောင်း၊ ကာယကံရှင်နှင့်မသက်ဆိုင်သောဘေးမှ ပုဂ္ဂိုလ်များကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကာယကံရှင်များအတွက် အလုပ်အကိုင်အခွင့်အရေးများ ရရှိမှု အခွင့် အရေးများ ဆုံးရှုံးသွားမည့်အပြင် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးမှုများဖြစ်ပါက ဒေသလူထုပင် နစ်နာနိုင် ကြောင်း တွေ့မြင်နိုင်ပါတယ်။

          မန္တလေးတိုင်းဒေသကြီး၏ ပထဝီအနေအထားအရ နယ်မြေဖွံ့ဖြိုးတိုးတက်နိုင်ရေး အစီအစဉ် တွင် အားသာချက်တစ်ခုမှာ Green Energy ခေါ် နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင် ခြင်းပင် ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ တိုင်းဒေသကြီး၏ အနာဂတ်စီမံကိန်းများ အပါ အဝင် လိုအပ်သော လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ထို့ကြောင့် ယခုအခါ Solar System ကိုလည်း အကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်ဆဲဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။ နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အားကို ကျေးရွာအဆင့်ထိ ဆောင်ရွက်ပေးရေး စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာမှာ အခြေအနေကောင်းများ ရှိပါကြောင်းနှင့် ပြည်သူလူထုမှ ပါဝင်ပူးပေါင်း ဆောင်ရွက် ပေးမှုများ လိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား

          ၂၀၁၂ ခုနှစ် မိုးရာသီကာလမှာ မိုးရွာသွန်းမှု နည်းပါးခဲ့တဲ့အတွက် ယခုအခါ နယ်မြေဒေသ များမှာ ဆည်ကန်များ ရေလျော့နည်းခမ်းခြောက်လာခြင်းနှင့်ရေလိုအပ်မှု များပြားလာခြင်းတို့ ဖြစ်ခဲ့ ပါတယ်။ အစိုးရအဖွဲ့၏ ပံ့ပိုးမှုများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝိုင်းဝန်း ကူညီမှုများကြောင့် ယခုအခါ အချို့နေရာများတွင် ရေရရှိမှုများရှိလာပြီး ဆည်ကန်များလည်း ပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြပါတယ်။ ဆက်လက်၍ ရေတွင်းတူးဖော်ရေး အစီအစဉ်များ၊ ဆည်ကန် ပြုပြင်တူးဖော်ြခင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။

          တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရသည့် လုပ်ငန်းများ  များစွာရှိပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုများတွင် ပိုမိုအဆင်ပြေ ချောမွေ့လာသည့်အတွက် နယ်မြေ အတွက် အကျိုးသက်ရောက်မှုများစွာ ရှိခဲ့ပါကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား

          တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ အုပ်ချုပ်မှုစနစ်များ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ခဲ့ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ရွေးချယ်ခြင်း၊ လိုအပ်သော စွမ်းရည်မြင့်မားရေး သင်တန်းများပေးခြင်းတို့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ယခုအချိန်တွင် ရပ်/ကျေးဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများကို ဖွဲ့စည်းပြီး ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီအဖွဲ့များအနေဖြင့် အဆင့်ဆင့်သော စီမံခန့်ခွဲရေး အဖွဲ့များအား လိုအပ်သလို ကူညီပံ့ပိုးပေးမည်ဖြစ်၍ အုပ်ချုပ်ရေးယန္တရားများ ပိုမိုကောင်းမွန်လာကာ လုပ်ငန်းများ အထစ်အငေါ့မရှိ လွယ်ကူချောမွေ့ လျင်မြန်လာမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအတွင်း ထင်သာ မြင်သာရှိသော ပြောင်းလဲမှုတစ်ခု ဖြစ်လာပါကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား

          ကျွန်တော်တို့အားလုံးသည် မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီသော စိတ်ထားများဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအဖွဲ့အနေဖြင့်လည်း ပေးအပ်ထားသည့် အုပ်ချုပ်ရေးအခွင့်အာဏာများကို ဥပဒေများနှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံး အကောင် အထည်ဖော် လျက်ရှိပါကြောင်းနှင့် ဆက်လက်ပြီး တိုင်းဒေသကြီးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။