၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (သတ္တမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးဟာ မကြာမီ ပြီးမြောက်တော့မှာဖြစ်ပါတယ်။ ယခုကျင်းပပြုလုပ်တဲ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ် စားလှယ်များ တင်သွင်းသော အဆို (၄)ခု တင်သွင်းခြင်း၊ မေးခွန်း (၁၃၉)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း (၁)ခု၊ နည်းဥပဒေ (၁)ခု ကို လွှတ်တော်က ဝေဖန်အကြံပြုဆွေးနွေးကာ အတည်ပြုပေး ခဲ့ကြပါတယ်။ ထို့ပြင် လွှတ်တော်၏ အတည်ပြုချက်ဖြင့် လွှတ်တော်ကော်မတီ (၁၁)ဖွဲ့နှင့် အကြံပေး အဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်က မှတ်တမ်းတင်ခြင်း (၄)ရပ်ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ မှတ်တမ်းတင်ရာမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် အရအသုံးစာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော ငလျင်ဘေးသင့်ခံခဲ့ရမှုနှင့်စပ်လျဉ်း၍ ဝမ်းနည်းကြောင်းအဆို၊ ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး၊ ပြုပြင်တည်ဆောက်ရေး များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြောင်း၊ အဆိုအပါအဝင် အဆို(၄)ရပ်ကိုလည်းကောင်း မှတ်တမ်း တင်ခဲ့ကြပြီး ဖြစ်ပါတယ်။

          ထိုနည်းတူ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် မျှော်မှန်းလျက် တိုင်းဒေသကြီးအစိုးရက တင်ပြခဲ့သော တံတားဦးစီမံကိန်း၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်း၊ မြင်းခြံ မြို့နယ် ဆီမီးခုံဧရာဝတီဆိပ်ကမ်း စီမံကိန်းအပါအဝင် စီမံကိန်းများနှင့်စပ်လျယ်း၍လည်း ဝေဖန် ဆွေးနွေးအကြံပြုချက်များနှင့်အတူ စီမံကိန်းများအား ဆောင်ရွက်ရန် လွှတ်တော်က သဘောတူ ကြောင်း ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြပြီးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          မိမိတို့လွှတ်တော်အနေနဲ့ လွှတ်တော်ရဲ့ အဓိကတာဝန် (၂)ရပ်ဖြစ်တဲ့ ဥပဒေပြုခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းညှိခြင်း၊ ကူညီခြင်း (Check and Balance) ဆိုတဲ့ လုပ်ငန်းတာဝန်များ ကို အတတ်နိုင်ဆုံး ကြိုးစားထမ်းဆောင်လျက်ရှိကြပါတယ်။ ယင်းလုပ်ငန်းတာဝန်များ ထမ်းဆောင် ရာမှာ ဥပဒေပြုခြင်းနှင့်အတူ တစ်ပြိုင်နက်တည်း ဥပဒေများသိရှိရေး၊ ဥပဒေသတင်းအချက် အသိပညာ တိုးပွားရေး၊ ဥပဒေများကို လေးစားလိုက်နာရေး၊ ဥပဒေစိုးမိုးရေးဆိုတဲ့ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးစားကြရမှာဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးဟာ လွှတ်တော်အဖွဲ့ အစည်းတစ်ခုတည်းက ကြိုးစားခြင်းဖြင့် မလုံလောက်နိုင်ပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ မဏ္ဍိုင် (၃)ရပ်က စုပေါင်းဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း၊ မီဒီယာများက ပူးပေါင်းကူညီကြလျက် ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူများက ပါဝင် လိုက်နာထိန်းသိမ်းကြမှသာ အောင်မြင်မှာဖြစ်ပါတယ်။ ယင်းသို့ ပါဝင်လာနိုင်ဖို့ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတ ပြည့်စုံစေရန်အတွက် ပြည်သူများအတွင်း အသိပညာမြင့်စားစွာ စိမ့်ဝင် ပျံ့နှံအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဟာ အဓိကကျလျက်ရှိကြောင်း သတိပြုကြရမှာဖြစ်ပါတယ်။

          ဆက်လက်ပြီး အချင်းချင်းအပြန်အလှန် ထိန်းညှိခြင်း၊ ကူညီခြင်း (Check and Balance) လုပ်ငန်းများ အောင်မြင်စွာ ထမ်းဆောင်ရေးမှာလည်း အသိတူ၊ အမြင်တူ၊ ဦးတည်ချက်ခြင်းတူညီကြ ပါလျှင် ပိုမိုအောင်မြင်ကြမှာ ဖြစ်ပါတယ်။ အမှန်စင်စစ်အားဖြင့် အဖွဲ့အစည်းတစ်ခုနှင်တစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး အသိအမြင် တူဖို့ခက်ခဲပါတယ်။ သို့သော်လည်း တူညီတဲ့အချက်များ လည်း များစွာရှိနေမှာဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရာမှာ လုပ်နည်းလုပ်ဟန် အပါအဝင် နည်းဗျူဟာဆောင်ရွက်မှုများမှာ ကွဲပြားနိုင်သော်လည်း နိုင်ငံအကျိုး၊ ဒေသအကျိုး တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရေးမှာတော့ အတွေးအမြင် မျှော်မှန်းချက်ဆန္ဒများဟာ ယျေဘုယျအနေနဲ့ တူညီကြမှာဖြစ်ပါတယ်။ မတူညီတဲ့ အတွေးအမြင် လုပ်ဆောင်ချက်များ ဖြစ်ပေါ်မှု ကိုလည်း အချင်းချင်းအပြန်အလှန် ကူညီထိန်းညှိခြင်းဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး စိတ်သဘော တူမျှစွာ စုပေါင်းထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

          မတူညီတဲ့အတွေးအမြင် အယူအဆများနှင့်စပ်လျဉ်း၍ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ သည် ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီယဉ်ကျေးမှုကို ပီပြင်စွာ ပေါ်ထွန်းလာအောင် စံပြဖြစ်ဖို့ ကြိုးစား ကြရမှာဖြစ်ပါတယ်။ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ကိုယ်တိုင်နဲ့ ပြည်သူများအကြား ဒီမိုကရေစီယဉ်ကျေးမှုဖြစ်တဲ့ တစ်ဦးချင်းတာဝန်ကျေပွန်မှုကို အခြေခံသော စုပေါင်းအကောင် အထည်ဖော်မှု အများဆန္ဒကို လိုက်နာဆောင်ရွက်သကဲ့သို့ အနည်းစုဆန္ဒကိုလည်း လေးစားကြတဲ့ အစဉ်အလာကို ဖော်ဆောင်ပြသကြရမှာဖြစ်ပါတယ်။ မိမိတို့နဲ့အတူ ပြည်သူများအကြားမှာလည်း ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားစေရေးကို လုပ်ငန်းတာဝန်အဖြစ်ခံယူပြီး အလေးထားနှိုးဆော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          မိမိတို့ကိုယ်စားလှယ်များသည် ပြည်သူများက ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ်များဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူကို ဗဟိုပြုဆောင်ရွက်တဲ့ အတွေးအမြင် လုပ်ဆောင်ချက်များကို မိမိတို့အားလုံးက အလေးအနက်ခံယူကျင့်သုံးဆောင်ရွက်ကြ ရာမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းအနေနဲ့ လွှတ်တော်ရဲ့ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံများကို ပြည်သူထံသို့ ရှင်းလင်းတင်ပြရမှာ ဖြစ်သလို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေကို ဖော်ဆောင်ရန်နှင့် မှတ်တမ်းတင်နိုင်ရန် အစီရင်ခံစာပြုစု ၍ လွှတ်တော်ကို တင်ပြဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လွှတ်တော်နဲ့ ပြည်သူ့အကြားမှာ ပြည်သူက လေးစားအားထားရသော အမှန်တကယ်အကျိုးပြုနိုင်သော ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ခံယူနိုင်အောင် ဆထက်ထမ်းပိုး ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ ထံကို ထိတွေ့ကြရမှာလည်း ပြည်သူ့လိုအပ်ချက်အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရာမှာ ထိထိမိမိဖြစ်အောင် အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အထက်အဆင့်ဆင့်သို့ ဆောင်ရွက်ရန် တင်ပြရန်ရှိသည်များကို လည်း လွှတ်တော်ကတစ်ဆင့် ဆက်လက်ဖော်ဆောင်ပေးကြရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –

          လွှတ်တော်ကအတည်ပြုဖွဲ့စည်းခဲ့ပြီးဖြစ်တဲ့ လွှတ်တော်ကော်မတီများနဲ့ အကြံပေးအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အဖွဲ့ဝင်များအဖြစ် အသီးသီးများပါရှိနေကြပြီဖြစ်ပါတယ်။ လွှတ်တော်ကော်မတီများရဲ့ စုပေါင်းအားဖြင့် လွှတ်တော်ရဲ့ အဓိကတာဝန်နှစ်ရပ်ကို ပိုမိုထိရောက်စွာ ဖော်ဆောင်ရွက်နိုင်ကြမယ်လို့လည်း ယုံကြည်မျှော်မှန်းထားရှိပါတယ်။ ကော်မတီအလိုက်လုပ်ငန်း အရပ်ရပ်ကို လေ့လာမှုကိုအခြေခံပြီး ပြည်သူနှင့်ဒေသလိုအပ်ချက် အခက်အခဲများကိုပိုမိုသိရှိပြီး လေ့လာသုံးသပ်အကြံပြုနိုင်မှာဖြစ်ပြီး မိမိတို့ရဲ့ စွမ်းဆောင်ရည် (Capacity) များဟာလဲ တိုးတက်မြင့် မားလာမှာအမှန်ဖြစ်ပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ လွှတ်တော်သို့လည်းကောင်း၊ အုပ်ချုပ်ရေးအဖွဲ့ အစည်း၊ တရားစီရင်ရေး အဖွဲ့အစည်းများကိုလည်းကောင်း၊ ပြည်သူအကျိုးကိုလည်းကောင်း အထောက်အကူပြုခြင်း၊ ကူညီခြင်းများ ပိုမိုဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ထားရှိကြောင်း ပြောကြားလိုပါတယ်။ သို့ပါ၍ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဟာ သက်ဆိုင်ရာကော်မတီ တာဝန်ဖြင့် တိုင်းဒေသကြီးနယ်မြေအတွင်း သက်ဆိုင်ရာ လုပ်ငန်းအဝဝနှင့် စပ်လျဉ်းပြီး မြေပြင် အရောက် ကွင်းဆင်းကြည့်ရှုဆောင်ရွက်ကြပါရန်ကိုလည်း တိုက်တွန်းအကြံပေးလိုပါတယ်။ မိမိတို့ လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးဟာ လာမည့်ဖေဖော်ဝါရီလ (ပထမပတ်) ဝန်းကျင်မှာ ဆောင်ရွက်ရန်ရှိတဲ့အတွက် တင်ပြရန်ရှိသော လွှတ်တော်ကော်မတီများက ကော်မတီအစီရင်ခံစာကို တင်ပြနိုင်ရေး ပြင်ဆင်ထားကြရန် နှိုးဆော်အကြံပြုပါတယ်။