၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ ပြောကြားသည့် မိန့်ခွန်း

အားလုံးမင်္ဂလာပါ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ် များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ မန္တလေး  တိုင်းဒေသ ကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အားလုံးတူညီသော အမြင်များနဲ့ တူညီသောစိတ်ဓာတ် များနဲ့ အောင်မြင် အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းနှုတ်ခွန်းဆက်သအပ်ပါ တယ်။

          ကျွန်တော်တို့ လွှတ်တော်သက်တမ်းဟာ (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ထို့အတူပဲ လွှတ်တော်ကနေပြီးတော့မှ ပေါ်ထွက်လာတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာလည်းပဲ (၁)နှစ်ပြည့်ပါတော့မယ်။ အခုဆိုလို့ရှိရင်(၁၁)လအတွင်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဤကာလ တွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့ပေါ်မှာ တာဝန်ပေးအပ်ချက်များကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ အစိုးရအဖွဲ့နဲ့ ပြည်သူ၊ အစိုးရ အဖွဲ့နဲ့ဝန်ထမ်း၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်များအကြားမှာ နားလည်းမှုရှိစေရေး အတွက် ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအဖွဲ့နဲ့ ပြည်သူအကြား နားလည်မှုရှိစေရေး ဆိုတဲ့နေရာမှာ ကျွန်တော်တို့ဟာ နယ်မြေအသီးသီးက ယုံကြည်စွာနဲ့ ရွေးကောက်တင်မြှောက် လိုက်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ဒေသအတွက်၊ မြို့နယ်အတွက်၊ တိုင်းဒေသကြီးအတွက် ဘာတွေလုပ်ပေးနိုင်သလဲ၊ ဘာတွေလုပ်ပေးနေလဲ လူထုလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ခြင်းရှိ/မရှိ ဆိုတာတွေနဲ့ သုံးသပ် ဝေဖန်ကြမှာပဲ ဖြစ်ပါတယ်။

          ဒါ့ကြောင့် ကျွန်တော်အပါအဝင် အစိုးရအဖွဲ့ဝင်အားလုံး ဝန်ကြီးများဟာ နယ်မြေလူထုရဲ့ လိုအပ်ချက်ကို ပိုမိုသိရှိအောင်ဆိုပြီး နယ်မြေအနှံ့ ကိုယ်တိုင်သွားရောက်လေ့လာခြင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ရရှိထားသော ဘဏ္ဍာငွေကြေးပေါ်မှာ မူတည်ပြီး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများ မပြတ်ပြုလုပ်ပေးနေတယ် ဆိုတာ ကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး အသိပဲဖြစ်ပါတယ်။

          တစ်ဖက်ကဒီလိုဖြည့်ဆည်းဆောင်ရွက်ပေးနေသလိုပဲ တစ်ဖက်ကလည်းပဲ လူထုအမှန် တကယ် တောင်းဆိုနေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စတင်တည် ဆောက်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ ခေတ်ပြောင်းစနစ်ပြောင်း ကာလတစ်ခုကို ကျွန်တော်တို့ တစ်တွေစတင်ဖြတ်သန်း အကောင်အထည်ဖော်နေပြီဖြစ်တဲ့အကြောင်း ဒီလို ဆောင်ရွက်တဲ့နေရာမှာ အစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် တာဝန်ပိုင်းများ လူထုကသိရှိသလို၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးများ၊ တာဝန်များအားထားရာ အုပ်ချုပ်ရေး အဖွဲ့အစည်းအဖြစ် နားလည်ယုံကြည် လေးစားလာမှာဖြစ်ပါတယ်။ တစ်ခါ အစိုးရအဖွဲ့နဲ့ ဝန်ထမ်း များအကြား နားလည်မှုရှိစေရေးဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများ၊ ဆောင်ရွက်ချက်များ ကောင်းမွန်မှန်ကန်စွာ လည်ပတ်နိုင်ရေးဟာ ဝန်ထမ်းများအပေါ်မှာလည်းပဲ မူတည်ပါတယ်။

          ဝန်ထမ်းများအနေနဲ့ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များအတိုင်း ဆောင်ရွက်တာဝန်ထမ်းနေကြသူများလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များမှာ မှားယွင်းမှုမရှိရအောင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ဖို့ အ တွက် အထောက်အကူပေးရတဲ့ အဖွဲ့အစည်းပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ဒီဝန်ထမ်းအဖွဲ့အစည်းများ အနေနဲ့ မိမိတို့တာဝန်ထမ်းဆောင်တဲ့ ဌာနအလိုက် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ဖို့၊ တစ်ဖက်မှာလည်းပဲ ဝန်ထမ်းကောင်းများဖြစ်အောင်၊ ဝန်ထမ်းများ အနေနဲ့ နိုင်ငံ့တာဝန်ကို စိတ် အေးချမ်းသာစွာနဲ့ ထမ်းဆောင်နိုင်တဲ့ အင်အားစုကြီးဖြစ်အောင် စည်းရုံးထိန်းသိမ်း ကူညီဆောင်ရွက် လျက်ရှိပါတယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်များအကြား နားလည်မှုရှိပြီး ညှိနှိုင်းဆောင်ရွက်မှုများ မပြတ်ပြုလုပ် လျက်ရှိပါတယ်။

          လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိသော နယ်မြေဒေသ အားလုံးက ပုဂ္ဂိုလ်များဖြစ်တဲ့အားလျော်စွာ နယ်မြေဒေသအခြေအနေ ပြည်သူလူထုရဲ့ အခြေအနေ လိုအပ်ချက်တွေကို ကောင်းမွန်စွာသိရှိကြတဲ့အလျောက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရေးအတွက် ကူညီအောင်ရွက်ပေးနေကြသူများလည်းပဲ ဖြစ်ပါတယ်။

          လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ တင်ပြချက်များကိုလည်းပဲ အစိုးရအဖွဲ့က လက်ခံ ရရှိပြီး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ဆက်သွယ်မှု၊ ဆက်ဆံမှု ကောင်းမွန်နေတဲ့အတွက် တိုင်းဒေသ ကြီး ရဲ့ဖွံ့ဖြိုးတိုးတက်မှု ပြည်သူလူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုတွေမှာ လျင်မြန်ထိ ရောက်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့အားဟာ အထူးထိရောက် အောင်မြင်ပါ ကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။

          ဒါ့အပြင် လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကိစ္စရပ်တွေမှာ အစိုးရအဖွဲ့ဝင်များ ဖြစ်သော ဝန်ကြီးများဟာ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြတဲ့အလျောက် အခြားသော လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ ညှိနှိုင်းပူးပေါင်းပြီး ယခု(၁)နှစ်တာ ကာလအတွင်းမှာပဲ တိုင်းဒေသကြီးအတွက် လိုအပ်တဲ့ဥပဒေအချို့တစ်တွေကို ရေးဆွဲဆောင်ရွက် နေကြတာကိုလည်းပဲ တွေ့မြင်ရပါတယ်။

          လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့တိုင်းဒေသကြီးအကျိုးအတွက် အားလုံးက ပူးပေါင်း ဆောင်ရွက်နေကြတာကို တွေ့ရှိရတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းပြောကြားလိုပါတယ်။

          လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးနေတဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှာ အထူးအောင်မြင်နေကြောင်းနဲ့ ဒီကနေ့ကျေးလက် လူထုမှ ထပ်မံပြီး တောင်းဆိုမှုများရှိနေကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ ဆိတ်မွေးမြူရေးလုပ်ငန်း၊ နွားမွေးမြူရေး လုပ်ငန်း၊ အသေးစားချေးငွေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း စသည့်ဖြင့် လုပ်ငန်း အရပ်ရပ်တွေမှာ ငွေအားဖြင့် (၄.၂)ဘီလီယံ သုံးစွဲခဲ့ပြီး ကျေးလက်နေပြည်သူ လူထုအတွက်များစွာ အထောက်အကူပြုစေခဲ့ပါတယ်။

          ရေရရှိရေးကိစ္စ၊ စာသင်ကျောင်းများပြုပြင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်း၊ လမ်းများ ဖောက် လုပ်ခြင်း၊ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ခြင်းများလည်းပဲ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့လည်းပဲ ကိုယ်စားလှယ်ကြီးများရဲ့ အကူအညီနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

          ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလများမှာ တိုင်းဒေသကြီးနေရာအချို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအန္တရာယ်ကြောင့် ရေလွတ်ရာနေရာကို အိုးအိမ်များ ပြောင်းရွေ့ရခြင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ရွေ့ထုတ်ရခြင်းမှာ လူထုရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမိုးအကာနဲ့ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အစားအသောက်များ ထောက်ပံ့ပေးခြင်းများကို အစိုးရအဖွဲ့အနေနဲ့ ချက်ချင်းလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သလိုပဲ၊ ပြည်သူလုထုပါဝင်ပူးပေါင်းမှု အင်အားကိုပါ ရယူဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရေကြီးမှုအန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုမှာ မြစ်ချောင်းများ တိမ်ကောခြင်းတွေကိုလည်းပဲ ယခုပွင့်လင်းရာသီမှာ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း ဒါကိုယ်စားလှယ်ကြီးများအားလုံး အသိပဲဖြစ်ပါတယ်။ ဆက်လက် ပြီးတော့လည်းပဲ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          ၂၀၁၁ ခုနှစ် မတ်လ (၃၀)ရက်နေ့က ကျွန်တော်လွှတ်တော်မှာ တင်ပြခဲ့တာတွေရှိပါတယ်။ ကျွန်တော်တို့တစ်တွေဟာ မြန်မာနိုင်ငံရဲ့သမိုင်း၊ မန္တလေးတိုင်းဒေသကြီးရဲ့ သမိုင်းသစ်ကို ရေးနေကြသူများဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွက် အကျိုးပြုတဲ့၊ တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ အစိုးရအဖွဲ့ဖြစ်စေရမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ အားလုံး တက်ညီလက်ညီနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ကြတဲ့ နေရာမှာ ကျွန်တော်တို့အစိုးရအဖွဲ့ တစ်ခုတည်းရဲ့အား၊ ဆောင်ရွက်ချက်တစ်ခုထဲနဲ့ မလုံလောက်ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အားကိုပါ ရယူပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။