လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ယနေ့ကျင်းပပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ကြောင်းနှင့်် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အနေနဲ့ အစည်းအဝေးများကို ကျင်းပ ဆောင်ရွက်လာခဲ့ကြရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တိုင်းဒေကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ပထမပုံမှန်အစည်း အဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ထိ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် လွှတ်တော်အနေဖြင့် သဘာပတိရွေးချယ်ခြင်း၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော် သမ္မတက အဆိုပြုပေးပို့လာသော တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျန်ရှိသော အစိုးရ အဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီး အဖွဲ့ဝင် များ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ကို တာဝန်ပေးအပ်နိုင်ရန် လွှတ်တော်မှ သဘောတူကြောင်း ပြန်ကြားတင်ပြပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် လွှတ်တော် ကော်မတီ ရေးရာသုံးရပ် ကိုလည်း ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။
ထို့နောက် ပထမပုံမှန်အစည်းအဝေးအပြီး (၃) လအကြာမှာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရဲ့ အထူးအစည်းအဝေး (၁/၂၀၁၁) ကို ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့နှင့် ဇူလိုင် လ ၁ ရက်နေ့တို့မှာ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးဌာနအမည်အချို့ကို ပြင်ဆင် ပြောင်းလဲရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအချို့တွင် ဝန်ကြီးအချို့ကို တာဝန် ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတကကြီးမှ အဆိုပြုပေးပို့လာမှအပေါ် ဤလွှတ်တော်မှ သဘောတူကြောင်း ပြန်ကြား တင်ပြဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ကျင်းပပြီးစီးသွားခဲ့တဲ့ ဖော်ပြပါတိုင်းဒေသကြီးလွှတ်တော်ရဲ့ အစည်းအဝေး (၂) ရပ် မှာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းအသီးသီးနဲ့အတူ လွှတ်တော်ရေးရာကော်မတီများကို ဖွဲ့စည်း ခဲ့ပြီးတဲ့နောက် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိရာမှာ ခုနှစ်လတာသက် တမ်းကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ဒီအတွက် ယခုကျင်းပမည့်် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဆိုင်ရာအဓိက လုပ်ငန်းဖြစ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်းနှင့် အဆိုတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းဖြေကြားခြင်းတို့ကို စတင်ဆောင်ရွက်နိုင်ကြ မှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ရှေးဦးစွာ တင်ပြလိုတာကတော့ ဥပဒေပြုခြင်းလုပ်ငန်းနဲ့ ဆက်နွယ်လျက်ရှိတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က မန္တလေးတိုင်းဒေသကြီးရဲ့ ၂၀၁၁ – ၂၀၁၂ ခုနှစ်နှင့် ၂၀၁၂ -၂၀၁၃ ခုနှစ်များရဲ့ နှစ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၄၀ အရ ဤ လွှတ်တော်အစည်းအဝေးသို့ တင်သွင်းရန်ရှိပါတယ်။ ယင်း ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လျာထားချက်များနှင့်စပ်လျဉ်း၍ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြီး လွှတ်တော်၏ အကြုံပြုချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပြန်လည်ပေးပို့ရန် ရှိပါတယ်။ သို့ဖြစ်၍ ဖော်ပြပါ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်များကို လွှတ်တော်က ဆွေးနွေးပြီး အကြံပြုချက်များကို ပေးပို့ကြရမှာဖြစ်ပါတယ်။
ဆက်လက်ပြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အဆိုများတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခြင်းသည် လွှတ်တော်ရဲ့အဓိကတာဝန်များအနက် တစ်ခု ဖြစ်တဲ့ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ခက်မသုံးဖြာအကြား အပြန်အလှန် ထိန်းညှိရေး တာဝန်ကို ဟန်ချက်ညီညီ အပြန်အလှန်ကူညီပေးပြီး ဖော်ဆောင်ကြခြင်းပဲ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့သက်ဆိုင်ရာဒေသအသီးသီးရှိ ပြည်သူ အများစု က ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ် များဖြစ်တာနဲ့အညီ မိမိတို့ရဲ့ဒေသအကျိုး၊ ပြည်သူ့အကျိုးများကို ထိရောက်စွာ သယ်ပိုးနိုင်ကြဖို့ ပြည်သူများရဲ့အသံ၊ ပြည်သူများရဲ့ဆန္ဒကို သိရှိအောင် ပြည်သူများနဲ့ အစဉ် ထိတွေ့ပြီး လေ့လာကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အထက်ကဖော်ပြခဲ့သလို လေ့လာသိရှိခဲ့တဲ့ ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ရဲ့အသံ၊ လွှတ်တော်ဆန္ဒအဖြစ် ယူဆောင်လာကြရန် ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ လွှတ်တော်အနေနဲ့ ပြည်သူတို့၏ လိုအင်များကို ဖြည့်ဆည်းပေးနိုင်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်သွယ်ပေးပို့လျက် ပြည်သူ့အကျိုးလိုအပ်ချက်ကို ဖြည့်ဆည်းဖော်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
လွှတ်တော်အနေနဲ့ သီးခြားလုပ်ငန်းတစ်ရပ်ကို ဖော်ပြလိုပါတယ်။ အဲ့ဒါကတော့ မိမိတို့ လွှတ်တော်အဖွဲ့အစည်းကိုယ်တိုင် ဒီမိုကရေစီကျင့်စဉ်အား လက်တွေ့ကျကျ ဖော်ဆောင်ရေး လုပ်ငန်းကို တာဝန်တစ်ရပ်အဖြစ် ကျင့်သုံးဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပိုမိုရှင်သန်ရေး အတွက် အများက စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားတဲ့ သတင်းမီဒီယာ အခန်းကဏ္ဍကို ပိုမို မြင့်တက်လာအောင် အားပေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် ယခုလွှတ်တော် အစည်းအဝေးမှ စတင်၍ သတင်းစာနှင့််ဂျာနယ်စာစောင်များမှာ ပါဝင်ဖော် ပြနေကြတဲ့ သတင်း မီဒီယာဆိုင်ရာပုဂ္ဂိုလ်များကို လွှတ်တော်အစည်းအဝေးတွင် သတင်းရယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေး ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား –
ယခုကျင်းပပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်လုပ်ငန်းများအနက် အဆို များတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ကြမည် ဖြစ် သော်လည်း ဥပဒေပြုခြင်းလုပ်ငန်းတာဝန်ကိုတော့ အစပျိုးရုံမျှသာ ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ တွင် ပြဋ္ဌာန်းထားတဲ့ တိုင်းဒေကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ဇယား (၂) တွင် ဖော်ပြထားသည့် ဥပဒေပြု စာရင်းပါ ကိစ္စရပ်များကို ဥပဒေများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများစွာကို စတင်၍ ဒေသနှင့်် ပြည်သူ့အကျိုးစီပွားအလို့ငှာ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်လျက် ရှိနေပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါ မိမိတို့လွှတ်တော်က ဖော်ဆောင်ရမယ့် ဥပဒေပြုခြင်း လုပ်ငန်းများ ကို လွှတ်တော်ကိုယ်စားလှယ်များက ယခုဘဏ္ဍာရေး နှစ်မကုန်မီ ကျင်းပရန်ရှိတဲ့ တတိယ လွှတ်တော် ပုံမှန်အစည်းအဝေးအမီ အရှိန်အဟုန်ဖြင့် ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။