၂၀၁၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်မှ ပြောကြားသည့် မိန့်ခွန်း

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် မီဒီယာများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း နှစ်ဖြာသော ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနှင့် မင်္ဂလာပါလို့ ဂါရဝပြု နှုတ်ဆက်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော့်ကို ကန့်ကွက်သူမရှိ ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးလိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဝန်ကြီးချုပ်ရာထူးဟာ တာဝန်အလွန်ကြီးမားပါတယ်။ ဒီလိုတာဝန်ကြီးမားတဲ့ ရာထူးတစ်ခုကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်ကို အပ်နှင်းတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ၃၀.၃.၂၀၁၆ ရက်နေ့က ယခင်အစိုးရအဖွဲ့ဟောင်းနှင့် အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူအားလုံးဟာ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့သစ်အပေါ်မှာ အများကြီး မျှော်လင့်ထားခဲ့ကြပါတယ်။ အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာရှိကြတဲ့ ပြည်သူလူထုအားလုံးက မျှော်လင့်နေကြမယ်ဆိုတာ မလွဲမသွေ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ရာ ကျွန်တော်တို့အစိုးရအဖွဲ့မှာ တာဝန်ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဆန္ဒာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီရိယာဓိပတိ၊ ဝီမံသာဓိပတိဆိုတဲ့ အောင်မြင်ခြင်းတရား(၄)ပါးကို ရင်မှာပိုက်ပြီးတော့ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ရာမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှာရှိတဲ့ အစိုးရအဖွဲ့တစ်ခုတည်းမှာ တာဝန်မရှိဘူးဆိုတာ ဒီနေရာကနေ အသိပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်မှာ မဏ္ဍိုင်ကြီး(၃)ရပ် ရှိပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ ဖြစ်ပါတယ်။ ယနေ့ဥပဒေပြုရေးကို တာဝန်ယူထားတဲ့ လွှတ်တော်ကြီးမှာလည်း ပြည်သူတွေကို အကျိုးရှိမယ့် ဥပဒေတွေ၊ ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမယ့်ဥပဒေတွေ ပြဋ္ဌာန်းပေးရမှာ ဟောဒီ လွှတ်တော်ကြီးမှာ တာဝန်ရှိပါတယ်။ အလားတူ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ဥပဒေတွေ၊ ပြည်သူတွေရဲ့အကျိုးကို မကာကွယ်တဲ့ ဥပဒေတွေဆိုရင် ကျွန်တော်တို့ ဖျက်သိမ်းပေးဖို့ရာ တာဝန်ရှိပါတယ်။ ခေတ်နဲ့ မလျော်ညီတဲ့ဥပဒေတွေ ပြင်ဆင်ရေးဟာလည်း လွှတ်တော်ကြီးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးလည်း ကျွန်တော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ထားဖို့ လိုပါတယ်။ အလားတူ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီး တည့်မတ်ခိုင်မာအောင်၊ မယိမ်းယိုင်အောင် တရားစီရင်ရေးမဏ္ဍိုင်မှာပါတဲ့ ပုဂ္ဂိုလ်များအားလုံးလည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန် ရှိပါတယ်။ ဒီမဏ္ဍိုင်ကြီး(၃)ရပ်စလုံးဟာ တိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်း၊ ပူးပူးပေါင်းပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့တတွေ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံးခင်ဗျား။ ကျွန်တော်တို့သည် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် (၃)ရပ်စလုံး တာဝန်ရှိတယ်ဆိုတာ ကျွန်တော်တို့ ပြောကြားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ မှာ မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အပြန်အလှန် ထိန်းကျောင်းကြမယ်။ သတ်မှတ်ထားတဲ့အတိုင်းပဲ အကန့်အသတ်နဲ့ အာဏာကို ခွဲဝေသုံးစွဲကြမယ်။ ဒီအာဏာဟာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအတွင်း ကန့်သတ်ချက်ရှိထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ကျွန်တော့်အုပ်ချုပ်ရေးမဏ္ဍိုင် အဓိကတာဝန် ရှိပါတယ်။ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို လွှတ်တော်ကြီးက ထိန်းမတ်၊ စောင့်ကြပ်၊ ကြည့်ရှုပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်အဖွဲ့ကြီးကို လွှတ်တော်ကြီးက ကျွန်တော်တို့ကို Oversight Function လို့ ခေါ်တဲ့ ကြည့်ရှုထိန်းပေးမယ့်လုပ်ငန်းကို ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး တာဝန်ယူမှာဖြစ်တယ်လို့ ကျွန်တော်ပြောကြားချင်ပါတယ်။ အလားတူ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာလည်း အပြန်အလှန်အားဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်သလား၊ မတည့်မတ်ဘူးလား၊ ယိမ်းယိုင်နေသလားဆိုတာတွေကို ကျွန်တော်တို့ကလည်း စောင့်ကြပ် ကြည့်ရှု ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ထိန်းကျောင်းရင်းနဲ့ တည့်မတ်မှသာ ကျွန်တော်တို့ နိုင်ငံဟာလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများ အားလုံးခင်ဗျား။ ကျွန်တော်တို့တတွေကို ပြည်သူတွေက တာဝန်ပေးလိုက်တာ အာဏာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥက္ကဋ္ဌပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ ပြည်သူတွေကို အလုပ်အကျွေး ပြုရလောက်တဲ့ ဂုဏ်တွေထဲမှာ ပြည်သူတွေကို အလုပ်အကျွေးပြုရတဲ့ဂုဏ်ဟာ အမြင့်မားဆုံးဖြစ်ပြီး ဒီဂုဏ်ဟာ ဘယ်ဂုဏ်နဲ့မှ မနှိုင်းယှဉ်လောက်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ပြည်သူတွေကို အလုပ်အကျွေးပြုရမယ့်အချိန်မှာ ကျွန်တော်တို့ ရိုးသားဖို့ လိုပါတယ်။ သန့်ရှင်းဖို့လိုပါတယ်။ ကြိုးစားဖို့ လိုပါတယ်။ ဒီလို ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ သန့်သန့်ရှင်းရှင်းနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းဆောင်ရွက်ကြမယ်ဆိုတာ အသိပေးချင်ပါတယ်။ ဒီလို ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေးပိုင်းမဏ္ဍိုင်(၃)ခုဟာ ပြည်သူတွေရဲ့ တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ကျွန်တော်တို့ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အသင်းအဖွဲ့စွဲ ဒီအစွဲတွေကို မရှိအောင် ကျွန်တော်တို့ ထိန်းသိမ်းပြီး ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ မျှော်လင့်နေတဲ့ ပန်းတိုင်၊ ဒီမိုကရေစီပန်းတိုင်၊ ဖက်ဒရယ်ပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ဘာကို ရည်မှန်းချက်ထားပါသလဲဆိုရင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးဆိုတာကို ရည်မှန်းချက်ပန်းတိုင်ထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အချိန်မှာ ကျွဲကူးရေပါဖြစ်သလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ သွေးစည်းခိုင်မာရေးကို ဆောင်ရွက်ရင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်မှသာလျှင် လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်တစ်ခုကို ထူထောင်နိုင်မှသာလျှင် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ အာဆီယံအလယ်၊ ဥရောပအလယ်၊ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာကနေ နိဂုံးချုပ်အားဖြင့် မေတ္တာရပ်ခံချင်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ပါဝင်ပတ်သက်နေကြတဲ့ ပြည်သူ့အကျိုးကို ဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်တွေအားလုံးလက်တွဲပြီးတော့ စေတနာသန့်သန့်၊ ရိုးရိုးသားသား၊ အဂတိတရားကင်းတဲ့ ဆောင်ရွက်ချက်များဖြင့် ကျွန်တော်တို့ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်းနဲ့ ကျွန်တော့်ရဲ့ မိန့်ခွန်းကို နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။