၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ ပြောကြားသည့် နှုတ်ခွန်းဆက်စကား

လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ တပ်မတော်သား ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် စကားပြောပါရစေ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွက် ဥက္ကဋ္ဌ တာဝန်ကို လူကြီးမင်းတို့က ကျွန်တော့်အား ပေးအပ်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ကျေးဇူးတင် ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ လူကြီးမင်းတို့ ပေးအပ်တဲ့တာဝန်ကို ကျွန်တော့်အနေနဲ့ မိမိ၏ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ကျေပွန် အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်။ ဒီလိုထမ်းဆောင်ရာမှာ မိမိရဲ့ကိုယ်ကျိုး မပါဘဲ အများ ပြည်သူရဲ့အကျိုးကို ရှေးရှုပြီး အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ပါ့မယ်လို့လည်း ဝန်ခံ ကတိပြုပါ တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများဟာ အပြောင်းအလဲတစ်ရပ်ကို လိုလားကြလို့ ကျွန်တော် တို့ကို ဝိုင်းဝန်းတာဝန်ပေးခဲ့ကြတာကြောင့် ကိုယ်စားလှယ်တော်ကြီးများနှင့် ကျွန်တော်တို့ဟာ ဒီနေရာကို ရောက်​နေကြတာဖြစ်ပါတယ်။ ဒီလိုတာဝန်ပေးလိုက်တော့ ကျွန်တော်တို့တတွေဟာ ပြည်သူ များရဲ့ အကျိုးစီးပွား၊ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီတဲ့ အခွင့်အရေးတွေရရှိအောင် အားနဲ့မာန်နဲ့ ဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ်။ ပြည်သူတွေ ပေးအပ်ထားတဲ့တာဝန်ကို ကျွန်တော်တို့ကကျေပွန် ကြရပါ လိမ့်မယ်။ ဒီလိုကျေပွန်မှသာ ကျွန်တော်တို့ကို ပြည်သူအားလုံးက ပိုမိုပြီး ယုံကြည်ကိုးစားမှု ရှိပါလိမ့် မယ်။ တကယ်တော့ နိုင်ငံရေးဆိုတာဟာ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံရဲ့အရေးကိစ္စ ဖြစ်တာ ကြောင့်မို့ နိုင်ငံရေးဆောင်ရွက်ဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲလိုတာဝန်ရှိသလို နိုင်ငံရေးကို ဆောင်ရွက် ရာမှာ ရိုးသားမှုရှိဖို့လဲ လိုအပ်ပါတယ်။ ရိုးသားမှုဆိုတာ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တဲ့ ပြည်သူ လူထုအပေါ် မလိမ်မညာဘဲနဲ့ တာဝန်ကျေအောင် လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။ အများ ပြည်သူ အကျိုးအတွက် ရိုးသားစွာလုပ်မယ်ဆိုရင် ကျွန်တော်တို့တတွေရဲ့ နိုင်ငံရေးဂုဏ်သိက္ခာဟာ အမြဲတမ်း မြင့်မားနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ ပြည်သူနဲ့ဆက်ဆံတဲ့နေရာမှာ ရိုးသားစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးများက ထိန်းသိမ်း စောင့်ရှောက် ကြရပါမယ်။ ကျွန်တော်တို့ ဒီမိုကရေစီတိုင်းပြည်တွေမှာ မဏ္ဍိုင်ကြီး (၃)ရပ် ခိုင်ခိုင် မာမာရှိရပါမယ်။ ဒီမဏ္ဍိုင်ကြီး (၃)ရပ်ဟာ အပြန်အလှန်ထိန်းကြောင်းပြီးတော့ ဆောင်ရွက်မှုရှိရပါ မယ်။ အဲလိုအပြန်အလှန် ထိန်းကြောင်းမှုရှိမှသာ တိုင်းပြည်ဟာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပါလိမ့် မယ်။ ကျွန်တော်တို့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ ပြည်သူလူထုအတွက် တရားတဲ့ဥပဒေတွေ ပြဋ္ဌာန်းပေး ရမှာဖြစ်ပါတယ်။ မတရားတဲ့ဥပဒေတွေကိုလဲ ဖျက်သိမ်းတန်တာကို ဖျက်သိမ်း၊ ခေတ်နှင့်လျှော်ညီ အောင် ပြင်သင့်တာကို ပြင်ဆင်၊ ဖြည့်စွက်သင့်တာကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် လုံခြုံရေးကို အပြည့်အဝမပေးနိုင်ဘူး။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်း ပေးရမယ့်တာဝန်ရှိပါတယ်။ ပြဋ္ဌာန်းပေးရမယ့် တာဝန်ရှိပါလျှက်နဲ့ ပြဋ္ဌာန်းမပေးရင် ကျွန်တော်တို့ဟာ ဥပဒေချိုးဖောက်သူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဥပဒေပြုသူများဟာ ဥပဒေဖောက်ဖျက်သူများမဖြစ်ဖို့ အရေးကြီးပါတယ်။ အင်္ဂလိပ်လိုပြောမယ်ဆိုရင် “Law Makers should not be Law Breakers’’ လွှတ်တော်ကြီးဟာ ဥပဒေပြုယုံသာမကပါဘူး အစိုးရရဲ့ ဆောင်ရွက်မှုများကိုလည်း ထိန်းကြောင်း ပေးရတဲ့ တာဝန်ရှိပါတယ်။ ထို့အပြင် ဘဏ္ဍာငွေ ရသုံးမှန်းခြေငွေစာရင်းများကိုလည်း စိစစ်ရမယ့် တာဝန်ရှိပါတယ်။ ဒီလိုကြီးမားတဲ့ တာဝန်အများအပြားကို ဆောင်ရွက်ရမှာမို့ ကျွန်တော်တို့အားငယ် စရာမရှိဘူး။ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်မြှင့်သင်တန်းတွေကို ကျွန်တော်တို့ တက်ကြရမှာပါ။ အမှန်ကတော့ အဓိကကတော့ စိတ်ဆန္ဒပါပဲ ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဲဒီခိုင်မြဲတဲ့ စိတ်ဓာတ် ရှိနေရင် ကျွန်တော်တို့မှာ ဘာအခက်အခဲမှ မရှိနိုင်ပါဘူး။ အဲဒီစိတ်ဓာတ်အပေါ်မှာ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကျွန်တော်တို့ရဲ့ အတတ်ပညာကို ဖြည့်စွက်လိုက်ရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ မအောင်မြင်ပဲ မနေပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆောင်ရွက်ကြရမှာဖြစ်လို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲတွေ မထားပဲနဲ့ နိုင်ငံသူ၊ နိုင်ငံသားတို့အကျိုးကို ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဤကဲ့သို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ ကင်းကင်းနဲ့ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့လွှတ်တော်ရဲ့ ဂုဏ်သိက္ခာမြင့်မားနေမှာပါ။ ဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာဟာ မြင့်မားနေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာမြင့်မားအောင်၊ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝတွေ တိုးတက်ပြီး အဆင်ပြေချောမွေ့အောင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြပါစို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။